ရန်ကုန် | ဖေဖော်ဝါရီ ၇
ဧရာ၀တီတိုင်း၊ ဖျာပုံအကျဉ်းထောင် ထောင်မှူးကြီး ဇော်ထွန်းဦးက အကျဉ်း သား၊ အကျဉ်းသူများအပေါ် ဥပဒေမဲ့လုပ်ရပ်များ လုပ်ဆောင်ညှဉ်းပန်း ငွေညှစ်မှုများ၊ မုဒိမ်းကျင့်ရန် ကြံစည်မှုများ အပေါ် တိုင်ကြားသော်လည်း လာရောက်စစ်ဆေးသူများက လာဘ်ငွေယူ ပြန်သွားကာ တစ်စုံတစ်ရာ အရေးယူမှုမရှိကြောင်း အကျဉ်းထောင်နှင့်နီးစပ်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖျာပုံထောင်တွင် ထောင်ပိုင်ကြီး ဇော်ထွန်းဦးက ၎င်း၏ လက်အောက်ဝန်ထမ်းများနှင့် အကျဉ်းသားများအပေါ် ဥပဒေမဲ့ လုပ်ရပ်များ ပြုလုပ်နေပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်တိုက် ကျူးလွန်နေကြောင်း၊ အဆိုပါ ထောင်ပိုင်ကြီးက လက်အောက်ဝန်ထမ်း အမျိုးသမီးတစ်ဦးကို သင်တန်းပေးမည်ဟု အကြောင်းပြကာ အဓမ္မပြုကျင့်ရန် ကြိုးပမ်းမှု လုပ်ဆောင်ခဲ့ကြောင်း၊ ကြံစည်မှု အထမမြောက်သော်လည်း တိုင်ကြားခံရ၍ အထက်လူကြီးများ လာရောက်စစ်ဆေးချိန်တွင် ငွေကြေးအ မြောက် အမြား ပေးဆောင် ဖြေရှင်းခဲ့သဖြင့် ယနေ့အချိန်အထိ တစ်စုံတစ်ရာ အရေးယူခံရခြင်း မရှိသေးကြောင်း သိရသည်။
အဆိုပါ သတင်းများ သတင်းဌာန အပါအဝင် ပြင်ပသို့ ပေါက်ကြားသည့်အတွက် ထောင်ပိုင်ကြီး ဇော်ထွန်းဦးနှင့် ဇနီး မျိုးမျိုးတို့က ဖြန့်ဝေသည်ဟု သံသယ ရှိသည့် ဝန်ထမ်းများနှင့် မိသားစုဝင်များကို ရှာဖွေ ညှဉ်းပန်း ဆဲဆို နှိပ်စက်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
ထောင်ပိုင်ကြီး ဇော်ထွန်းဦးက ထောင်အတွင်း စီးပွားရှာနေရာတွင် ဖျာပုံအကျဉ်းထောင်ရှိ ရဲဘက်စခန်းခွဲများသို့ လွတ်လပ်စွာ သွား ရောက်နေထိုင်လိုပါက အကျဉ်းသား ၁ ဦးလျှင် သိန်း ၈၀ နှင့်အထက် တောင်းယူ ပို့ဆောင်ပေးပြီး ယင်းရဲဘက်စခန်းခွဲများတွင် အရက်၊ ဘီယာနှင့် မူး ယစ်ဆေးဝါးများကို တရားဝင် သုံးစွဲခွင့်ပြုပေးထားကြောင်း သိရှိရသည်။
ထို့ပြင် ထောင်ပိုင်ကြီးထံသို့ လာဘ်ငွေပေးထားသော အကျဉ်းသားများအနေဖြင့် အကျဉ်းထောင်အတွင်း တစ် လုံး၊ နှစ်လုံး၊ သုံးလုံးနှင့် စလော့ဂိမ်းများကို ဖုန်းနှင့် စိတ်ကြိုက်ချိတ်ဆက်လောင်းကစားခွင့်ပြုထားကြောင်း၊ အဆိုပါလောင်းကစားသမားများအတွက် ထောင်ပိုင် K-Pay ငွေလဲ၊ငွေထုတ်၊ငွေသွင်းသည့်ဝန်ဆောင်မှုကိုပါ ထောင်ပိုင်မိသားစုက လုပ်ဆောင်ပေးကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ထောင်ပိုင်ဇော်ထွန်းဦးက ငွေမပေးနိုင်သော အကျဉ်းသားများကို ညှဉ်းနှိပ်စက်မှုများ လုပ်ဆောင်နေရာတွင် ငွေမပေးနိုင်သူများကို အလုပ်ကြမ်းများ ပုံမှန်အလုပ်အချိန်ထက် နှစ်ဆ၊ သုံးဆ ပို၍တိုးမြှင့်ခိုင်းကြောင်း၊ ခုခံအားကျဆင်းမှု ရောဂါ ခံစားနေရသော အကျဉ်းသားများဖြစ်သည့်တိုင် ငွေမပေးနိုင်သဖြင့် အလုပ်ကြမ်းများတွင် လုပ်ကိုင် ရန် အတင်းအကျပ် ဖိအားပေးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
ဓာတ်ပုံ- ဖျာပုံထောင်မှ ထောင်မှူးကြီး ဇော်ထွန်းဦးနှင့်အဖွဲ့က လွတ်ငြိမ်းပါသည့် အကျဉ်းသားများကို ၂၀၂၃ ခုနှစ်အတွင်း လွှတ်ပေးခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြု ထားပါသည်။)




