DJ WUKONG ဖျော်ဖြေမည့် ရန်ကုန် Invasion Festival ဂီတပွဲစီစဉ်သော စစ်တပ်အသိုင်းအ၀ိုင်း၏ သားသမီးများကို စရဖက ခေါ်ယူစစ်ဆေး ပြန်လွှတ်
ရန်ကုန်၊ ဖေဖော်ဝါရီ ၈
ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်မည့် Invasion Festival ဂီတပွဲတော်သို့ လာရောက် သီချင်းဆိုဖျော်ဖြေမည့် ကမ္ဘာကျော် DJ တစ်ဦးဖြစ်သူ WUKONG ကို မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်ပိတ်ပင်လိုက်ပြီး ရန်ကုန်လေဆိပ်မှ စစ်တပ်က လှည့်ပြန်ခိုင်းကြောင်း ပြည်တွင်း DJ အသိုင်းအ၀ိုင်း၏ ပြောဆိုချက်နှင့် WUKONG ၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ကြေညာချက်အရ သိရှိရသည်။
ဖေဖော်ဝါရီလ ၇ ရက်နေ့ DJ WUKONG က ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာခဲ့သော်လည်း လေဆိပ်တွင် ၄ နာရီကျော်ကြာ ပြည်ဝင်ခွင့်ရရှိရေး ကြိုးပမ်းခဲ့သော်လည်း အဆင်မပြေဖြစ်ခဲ့ကြောင်း၊ ရန်ကုန် Invasion Festival ဂီတပွဲတော်တွင် ဖျော်ဖြေရန် မြန်မာနိုင်ငံသို့ ဆိုက်ရောက်လာခဲ့သော်လည်း စစ်တပ်က ပြည်ဝင်ခွင့်မပြုကြောင်း အကြောင်းကြားခဲ့ကြောင်း ၊ ပြည်ဝင်ခွင့်ရရှိရန်အတွက် ရန်ကုန်လေဆိပ်တွင် ၄ နာရီကျော်ကြာအောင် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းညှိနှိုင်းခဲ့သော်လည်း နောက်ဆုံးတွင် ဝင်ခွင့်မရဘဲ ပြန်လည်ထွက်ခွာခဲ့ရကြောင်း သိရှိရသည်။
ယမန်နေ့ DJ WUKONG က မြန်မာပြည်ဝင်ခွင့် မရရှိခဲ့သောကြောင့် ရန်ကုန် Invasion Festival တွင် Bassjackers က တစ်ကိုယ်တော် ဆက်လက်ဖျော်ဖြေခဲ့ကြောင်း သိရှိရသည်။
“ကျွန်တော် မြန်မာနိုင်ငံထဲကို ပေးမဝင်ဘူးလို့ အပိတ်ခံရတဲ့အတွက် အရမ်းကို စိတ်မကောင်းဖြစ်ရပါတယ်” ဟု WUKONG က ဆိုသည်။
DJ Wukong သည် စင်ကာပူနိုင်ငံသား DJ တစ်ဦးဖြစ်ပြီး နွေဦးတော်လှန်ရေးအား ထောက်ခံအားပေးသူ၊ မြန်မာပြည်အတွင်း စစ်တပ်က ကျူးလွန်ခဲ့သော ရာဇဝတ်မှုများနှင့် ရက်စက်မှုများကို ထုတ်ဖော်ပြောဆိုလေ့ရှိသူ ဖြစ်သည်။
ဖေဖော်ဝါရီ ၇ ရက်နေ့ ရန်ကုန်မြို့ Eastern Yangon Event Park တွင် Black Jack Entertainment က ဦးဆောင်ပြီး ကျင်းပခဲ့သည့် Invasion music festival တွင် DJ Wukong ကို လာရောက် ဖျော်ဖြေရန် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။
DJ Wukong ကို မြန်မာနိုင်ငံသို့ လာရောက် ဖျော်ဖြေရန် ဖိတ်ကြားခဲ့သော ပွဲစီစဉ်သူတချို့ကို စစ်တပ်က ခေါ်ယူ စစ်ဆေးခဲ့သော်လည်း ပြန်လည် လွှတ်ပေးခဲ့ကြောင်း၊ ပွဲစီစဉ်သူများမှာလည်း စစ်တပ်အသိုင်းအ၀ိုင်းမှ စစ်အရာရှိကြီးများနှင့် ပတ်သက်ဆက်နွယ်နေသော သားသမီးများဖြစ်ကြောင်း သိရှိရသည်။
DJ Wukong သည် စစ်အာဏာမသိမ်းခင် ကာလများတွင် မြန်မာနိုင်ငံသို့ ၁၁ ကြိမ် လာရောက်ဖျော်ဖြေခဲ့ပြီး ဖြစ်သော်လည်း အာဏာသိမ်းကာလအလွန်တွင် ပထမဆုံး ပြန်လည်လာရောက်ခြင်းဖြစ်သော်လည်း ပြည်ဝင်ခွင့် အပိတ်ခံခဲ့ရခြင်းဖြစ်သည်။
စစ်အာဏာသိမ်းကာလတွင် DJ Wukong က ၎င်း၏လူမှုကွန်ရက် များမှတစ်ဆင့် နွေဦးတော်လှန်ရေးကို ထောက် ခံအားပေးကြောင်း တရားဝင် ထုတ်ဖော်ကြေညာခဲ့ပြီး ကိုဂျင်မီနှင့် ကိုဇေယျာသော်တို့ကို မတရား ကွပ်မျက်သည့် အခြေနေများအပါအဝင် စစ်တပ်မှ ပြည်သူလူထုအား ရက်စက်စွာ ပြုလုပ်ခဲ့သော အကြမ်းဖက်မှုများအကြောင်းကိုလည်း ထုတ်ဖော် ရေးသား ပြောဆိုခဲ့သူဖြစ်သည်။






