ရန်ကုန်၊ ဇူလိုင် ၁၂
မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီဟာ မြန်မာနိုင်ငံရဲ့ အဓိကမြို့ကြီးတွေမှာ တရုတ်နိုင်ငံထုတ် မျက်နှာမှတ်သားထားနိုင်တဲ့ စောင့်ကြည့်ရေး ကင်မရာတွေကို တပ်ဆင်နေကြောင်း ရိုက်တာသတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။
အာဏာသိမ်းပြီးမှု ဖြစ်ပွားပြီးနောက်ပိုင်း အကြမ်းဖက်စစ်ကောင်စီဟာ ဉာဏ်ရည်တုနည်းပညာ (AI) သုံး၊ မျက်နှာကို မှတ်မိစေတဲ့ အဆိုပါ စောင့်ကြည့်ကင်မရာတွေကို တိုးမြှင့် တပ်ဆင်နေတာဖြစ်တယ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ စတုတ္ထအကြီးဆုံး မြို့ဖြစ်တဲ့ မော်လမြိုင် အပါအဝင် အနည်းဆုံး မြို့ကြီးငါးမြို့မှာ စောင့်ကြည့်ရေး ကင်မရာတွေ တပ်ဆင်ခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
ဒီစောင့်ကြည့်ရေး ကင်မရာတွေကို တပ်ဆင်ဖို့ တင်ဒါအောင်ခဲ့တဲ့ ပြည်တွင်းကုမ္ပဏီနှစ်ခုကတော့ Fisca လုံခြုံရေးကုမ္ပဏီနဲ့ နောင်ရိုး နည်းပညာကုမ္ပဏီတွေ ဖြစ်ကြပြီး၊ ဒီကုမ္ပဏီနှစ်ခုအတွက် လိုအပ်တဲ့ကင်မရာနဲ့ ဆက်စပ်နည်းပညာ အပိုပစ္စည်းတွေကို တရုတ်ရဲ့ စပိုင်နည်းပညာ ကုမ္ပဏီကြီးတွေဖြစ်တဲ့ Zhejiang Dahua Technology၊ Huawei နဲ့ Hikvision တွေဆီကနေ တင်သွင်းတာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးမကြာမီမှာပင် မွန်ပြည်နယ် မော်လမြိုင်မြို့မှာ Duhua အမျိုးအစား စောင့်ကြည့်ကင်မရာများ တပ်ဆင်ခဲ့ပြီး၊ ထားဝယ်နှင့် တောင်ကြီးမြို့တွေမှာလည်း ဆက်လက် တပ်ဆင်ခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
မော်လမြိုင်မြို့မှာ စောင့်ကြည့်ကင်မရာ တပ်ဆင်တဲ့ စီမံကိန်းကို Fisca ကုမ္ပဏီနှင့် နောင်ရိုးကုမ္ပဏီတို့ ပူးတွဲရရှိတာဖြစ်ပြီး၊ ထားဝယ်နှင့် တောင်ကြီးမြို့ စီမံကိန်းတွေကိုတော့ Fisca ကရခဲ့တာပါ။
ဒါ့အပြင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာလည်း Duhua ကင်မရာတွေကို အခုနှစ်အတွင်း တပ်ဆင်ခဲ့ပြီး၊ အချို့သော သတင်းတွေရဲ့ အဆိုအရ ကရင်ပြည်နယ် ဘားအံမြို့မှာလည်း အဆိုပါ စောင့်ကြည့်ကင်မရာများ တပ်ဆင်ထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
နေပြည်တော်နှင့် ရန်ကုန်တို့မှာတော့ အာဏာမသိမ်းမီ NLD အစိုးရလက်ထက်ကထဲက စောင့်ကြည့် CCTV ကင်မရာများ တပ်ဆင်ခဲ့ပြီး၊ အထူးသဖြင့် မန္တလေးမှာ စောင့်ကြည့်ကင်မရာများ တပ်ဆင်ဖို့အတွက် တရုတ် ဟွာဝေးကုမ္ပဏီနှင့် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြောင်း မီဒီယာတချို့မှာ ဖော်ပြခဲ့ပါတယ်။
စစ်ကောင်စီဟာ မန္တလေးမြို့မှာ လက်ရှိအချိန်ထိ ဟွာဝေး (Huawei)ရဲ့ နည်းပညာမြင့် စောင့်ကြည့်ကင်မရာ အလုံးပေါင်း ၃၀၀ တပ်ဆင်ထားပြီး ဆက်လက်တပ်ဆင်ဖို့ ရှိတယ်လို့လည်း ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။
နေပြည်တော်မှာ တပ်ဆင်ထားတဲ့ Huawei ကင်မရာတွေမှာ မျက်နှာကို မှတ်သားနိုင်တဲ့ ဆော့ဖ်ဝဲများပါရှိပြီး ရန်ကုန်ရဲ့ စောင့်ကြည့်ထောက်လှမ်းရေးစနစ်မှာတော့ Hikvision ကုမ္ပဏီရဲ့ ယာဉ်အသွားအလာ ထိန်းချုပ်က္ပပ်ကဲစင်တာနဲ့ ကင်မရာအမှတ်တံဆိပ်များ ပါဝင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကမ္ဘာလှည့်ခရီးသည်တွေနဲ့ စည်းကားတဲ့ သမိုင်းဝင် ပုဂံမြို့မှာလည်း အာဏာမသိမ်းမီကထဲက စောင့်ကြည့်ကင်မရာစနစ် တပ်ဆင်ဖို့ တင်ဒါခေါ်ယူခဲ့သလို၊ ရခိုင်ပြည်နယ် စစ်တွေမြို့မှာလည်း ၂၀၁၉ ခုနှစ်ကထဲက တရုတ် ဟွာဝေး (Huawei) ကင်မရာများ တပ်ဆင်ခဲ့ကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။။
အကြမ်းဖက် စစ်ကောင်စီကတော့ မြန်မာနိုင်ငံရဲ့ မြို့ကြီးတွေကို အဓိကထားပြီး၊ ကျန်တိုင်းနဲ့ပြည်နယ် မြို့များပါမကျန် တိုးမြှင့်တပ်ဆင်မဲ့ အဆိုပါ စောင့်ကြည့်ရေး ကင်မရာများနဲ့ ပတ်သတ်လို့ တစုံတရာ ထုတ်ပြန်ပြောဆိုထားတာ မရှိပါဘူး။
အဲ့ဒီလိုပဲ ဒီစီမံကိန်းတွေမှာ ပါဝင်နေတဲ့ မြန်မာကုမ္ပဏီတွေရော တရုတ်ကုမ္ပဏီတွေကပါ စောင့်ကြည့်ကင်မရာစနစ် တပ်ဆင်ပေးနေမှုအပေါ် မှတ်ချက်ပြုပေးဖို့ ပန်ကြားချက်ကို တုန့်ပြန်မှု မရှိခဲ့ဘူးလို့လည်း ရိုက်တာသတင်းက ဆိုပါတယ်။
ရာဇဝတ်မှု ကာကွယ်ရေး ခေါင်းစဥ်နဲ့ NLD အစိုးရလက်ထက် စတင်တပ်ဆင်ခဲ့တဲ့ စောင့်ကြည့် CCTV ကင်မရာစီမံကိန်းဟာ အကြမ်းဖက် စစ်ကောင်စီလက်ဝယ် အရောက်မှာတော့ ဆန္ဒပြသူတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ ၄င်းတို့ကို တော်လှန်နေသူတွေကို ပစ်မှတ်ထား ဖမ်းဆီးဖို့အတွက် အခုလို အရှိန်အဟုန် မြှင့်တင် တပ်ဆင်လုပ်ကိုင်လာခြင်း ဖြစ်ပါတယ်။
“စောင့်ကြည့်ကင်မရာတွေ တိုးမြှင့်တပ်ဆင်နေခြင်းဟာ မြန်မာ့ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေအတွက် အလွန်အမင်း စိုးရိမ်စရာပါပဲ” လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) မှ အရှေ့အာရှဆိုင်ရာ ဒု-ဒါရိုက်တာ Phil Robertson က တွစ်တာကတဆင့် ပြောဆိုလိုက်ပါတယ်။
စစ်တပ်နှင့်ရဲတွေဟာ အဲဒီစောင့်ကြည့်ကင်မရာတွေကို အသုံးချပြီး တက်ကြွလှုပ်ရှားသူတွေရဲ့ ကွန်ရက်တွေကို ဖော်ထုတ်တာတွေ၊ အတိုက်အခံတွေရဲ့ လျှို့ဝှက်နေထိုင်နေတဲ့အိမ်တွေ၊ လှုပ်ရှားမှုတွေအပြင်၊ ၄င်းတို့အသုံးပြုတဲ့ ကားနဲ့ ဆိုင်ကယ်တွေကိုပါ မှတ်သား စောင့်ကြည့်နေမှာ ဖြစ်လို့ပါပဲ ဟု Phil Robertson က ဆက်လက်ပြောဆိုခဲ့ပါတယ်။
ဖေဖော်ဝါရီ အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက် စစ်ကောင်စီဟာ အခုလို စောင့်ကြည့်ကင်မရာများ တပ်ဆင်ခြင်းအပြင် အများပြည်သူ အသုံးပြုနေတဲ့ ဖုန်းလိုင်းတွေမှာလည်း ကြားဖြတ် စုံစမ်းထောက်လှမ်းနိုင်တဲ့ စက်ကရိယာတွေကို တပ်ဆင်ခိုင်းခဲ့တယ်လို့ မိုဘိုင်းဆက်သွယ်ရေး ကုမ္ပဏီကြီးတွေကိုယ်တိုင်က ဖွင့်ဟပြောဆိုမှုတွေ ရှိခဲ့ပါတယ်။
အခုအချိန်မှာတော့ မြန်မာနိုင်ငံရဲ့ မိုဘိုင်းဆက်သွယ်ရေးစနစ်ထဲမှာ ကြားဖြတ်နားထောင်တဲ့ ကရိယာ (intercept Spyware) တွေကို စတင်အသုံးပြုနေပြီဖြစ်တယ်လို့လည်း အမည်မဖော်လိုတဲ့ ဆက်သွယ်ရေးဝန်ထမ်းများက ဆိုပါတယ်။
နိုင်ငံတကာမှာ ဒီလို မျက်နှာကို မှတ်သားနိုင်တဲ့ နည်းပညာပါ စောင့်ကြည့်ကင်မရာ တပ်ဆင်မှုတွေအပေါ် အငြင်းပွားမှုတွေ ရှိပေမဲ့ နိုင်ငံအများစုကတော့ ဒါနဲ့ပတ်သတ်ပြီး ခိုင်မာအားကောင်းတဲ့ ဥပဒေတွေ ပြဌါန်းပြီးသားရှိမှုနဲ့ ဘက်မလိုက်တဲ့ တရားစီရင်ရေးစနစ်တွေ ရှိကြတဲ့အတွက် ပြသနာကြီးကြီးမားမား မရှိခဲ့ပါဘူး ။
ဒါပေမဲ့ မြန်မာနိုင်ငံလို စစ်တပ်ရဲ့ လက်နက်အားကိုး အနိုင်ကျင့် ဗိုလ်ကျပြီး ပါးစပ်ဥပဒေနဲ့ အုပ်ချုပ်နေတဲ့ နိုင်ငံမျိုးမှာတော့ ဒီလို စောင့်ကြည့် ကင်မရာတွေ တိုးမြှင့်တပ်ဆင်လာခြင်းဟာ ပြည်သူတွေကို အခုထက်ပိုပြီး ဖိနှိပ်ဖို့ နဲ့ စစ်တပ်ဆန့်ကျင်သူတွေကို ဖမ်းဆီးထောင်ချ သတ်ဖြတ်ဖို့အတွက်ပဲဆိုတာ ထင်ရှားပါတယ်။
လက်ရှိ နိုင်ငံရဲ့ ရင်းမြစ် (Resources) အားလုံးကို ထိန်းချုပ်အသုံးပြုနေနိုင်တဲ့ အကြမ်းဖက်စစ်တပ်ဟာ မြို့ပြပြောက်ကျားစစ် ဆင်နွှဲနေတဲ့ လူငယ်တွေ အပါအဝင် စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေသူတွေကို ပစ်မှတ်ထား စောင့်ကြည့်ထောက်လှမ်း ဖမ်းဆီးနိုင်ဖို့အတွက် အခုလို ကြားဖြတ်နားထောင်နိုင်တဲ့ ကရိယာတွေ၊ မျက်နှာမှတ်သားနိုင်တဲ့ အဆင့်မြင့် စောင့်ကြည့်ကင်မရာတွေ တပ်ဆင်နေမှုတွေအပါ် ဝေဖန်မှုနဲ့ သတိပေးမှုတွေလည်း အခုရက်ပိုင်းအတွင်း ပြည်တွင်းနဲ့ နိုင်ငံတကာမှာပါ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာနေပါတယ်။