ရန်ကုန်၊ ဖေဖော်ဝါရီ ၈
စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့ပေါ်တွင် ကုန်ပစ္စည်းများ အဆမတန်ဈေးမြင့်တက်နေသည့်အပြင် ဆေးဝါးရိက္ခာပြတ်လပ်မှုများ ဖြစ်ပေါ်နေသည့်အတွက် ပြည်သူများအခက်တွေ့နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ကန့်ဘလူမြို့ပေါ်ကို အကြမ်းဖက်စစ်အုပ်စုက စိုးမိုးထားခြင်းဖြစ်ပြီး လမ်းပိတ်ထား၍ ပြည်သူများ အဝင်အထွက် လုပ်ဆောင်၍ မရကြောင်း ၊ အကြမ်းဖက်စစ်အုပ်စုက မြို့ကို ထိန်းချုပ်ထားသော်လည်း ကုန်ပစ္စည်းပြတ်လပ်မှုကို မျက်ကွယ်ပြုထားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
“ဆား တစ်ပိဿာ ၇ ထောင်အထိ မြင့်နေပြီ။ ကြက်ဥဆို လုံးဝ ဝယ်မရတာမျိုးတွေ ဖြစ်နေပါတယ်။ လမ်းပိတ်ထားတာကြာပါပြီ။ မြို့ပေါ်က စကစ စိုးမိုးထားတာ။ မြို့ပြင်မှာက PDF တွေစိုးမိုးထားတယ်။ ဆေးခန်းပြလူနာပဲ မြို့ထဲက စစ်တပ်က ထွက်ခွင့်ပေးတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ထိုပြင် ကန့်ဘလူမြို့ပေါ်တွင် ဓာတ်ဆီနှင့်စက်သုံးဆီများလည်း ဝယ်ယူ၍ မရသည့်အတွက် ရှိသည့် ဓာတ်ဆီများကိုသာ ဈေးကြီးပေးကာ ဝယ်ယူနေကြရကြောင်း၊ ထိုသို့ ဈေးကြီးပေးဝယ်ရသော်လည်း ဝယ်မရသည်အထိ ပစ္စည်းပြတ်လပ်နေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
လတ်တလောတွင် ကန့်ဘလူမြို့ပေါ်တွင် အကြမ်းဖက်စစ်တပ်၏ ပေါ်တာဆွဲဖမ်းဆီးမှုများကြောင့် အရွယ် ကောင်း အမျိုးသားများမှာ မရှိသလောက်ဖြစ်နေပြီး နယ်ခံပြည်သူအများစုမှာလည်း ရသည့်နည်းလမ်းများဖြင့် ပြောင်းပြေးနေကြကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
“အခုက ရိက္ခာအတွက်ဆို ဒီနေ့ထိတော့ ဒီရက်ပိုင်း ပစ္စည်းပြတ်မှာမို့ အရမ်းဝယ်ထားကြတာတွေ ဖြစ်နေတယ်။ အခုအခြေအနေက ရိက္ခာပြတ်လို့ နယ်ပြောင်းမယ်ဆိုရင်တောင် သိပ်မလွယ်တော့သလို ဖြစ်နေတာ” ဟု ဒေသပြည်သူတစ်ဦးက လတ်တလော ကန့်ဘလူမြို့အခြေအနေကို ပြောပြသည်။
ယင်းအပြင် ကန့်ဘလူမြို့ပေါ်တွင် လျှပ်စစ်မီးပျက်နေသည်မှာ ၂ လနီးပါး ကြာမြင့်နေပြီဖြစ်ပြီး ၂၀၂၀၅ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့မှ ယနေ့အထိ ပြတ်တောက်နေကြောင်း သိရှိရသည်။
“အရင်ကတော့ လျှပ်စစ်မီးက လာလိုက် ပြတ်လိုက်ဖြစ်သေးတယ်။ အခုက လုံး၀ကို မလာတော့တာ။ ကန့်ဘလူမြို့က မြို့ပျက်ကြီးလိုဖြစ်နေတာ” ဟု ကန့်ဘလူမြို့ခံက ဆက်လက်ရှင်းပြသည်။
ကန့်ဘလူမြို့ပေါ်တွင် စစ်တပ်နှင့် ဝါသ၀ ဘုန်းကြီး ဦးဆောင်သော ပျူစောထီးများက အဓိက စိုးမိုးထားကာ မြို့ကို လေးဘက်လေးတန် ပိတ်ဆို့ထားခြင်းဖြစ်သည်။
ဓာတ်ပုံ- ကန့်ဘလူမြို့ပေါ်တွင် စစ်တပ်နှင့်ပျူစောထီးများက ကင်းလှည့်နေကြစဉ်။




