ရန်ကုန်၊ ဖေဖော်ဝါရီ ၈
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၂၀ ဦးသေဆုံးခဲ့ကြောင်း The Phoenix Army (MTG) အဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
၂၀၂၅ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် ချောင်းဦးမြို့နယ်အတွင်း ကျေးရွာများကို ဆက်တိုက် မီးရှို့နေသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အရှေ့ကျီးကုန်းကျေးရွာ ဘုန်းကြီးကျောင်းအတွင်း တပ်စွဲနေစဉ် တော်လှန်ရေတးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှု အတွင်း စစ်သား ၂၀ ဦးသေဆုံးကာ MA- 4 သေနတ် ၁ လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
ထို အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ပြီး အရှေ့ကျီးကုန်းကျေးရွာနှင့် အနောက်ကျီးကုန်းကျေးရွာ အပါအဝင် ကျေးရွာ ၄ ခုမှ နေအိမ် ရာနှင့်ချီ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ လက်ရှိချိန်တွင် စစ်ကြောင်းသည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် အတွင်းကို ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။
“တိုက်ပွဲအတွင်းမှာ စစ်ခွေး ၂၀ ကောင် သေဆုံးတယ်။ စစ်ခွေးဘက်က MA- 4 သေနတ် ၁လက် သိမ်းဆည်းရမိတယ်။ အဲစစ်ခွေးတွေက အရှေ့ကျီးကုန်းကျေးရွာနဲ့ အနောက်ကျီးကုန်းကျေးရွာ အပါအဝင် ကျေးရွာ ၄ ခုကို မီးရှို့ဖျက်ဆီးသွားတယ်။ စစ်ခွေး စစ်ကြောင်းက လက်ရှိမှာ နမခထဲကို ပြန်ဆုတ်ပြီ”ဟု The Phoenix Army (MTG) အဖွဲ့ မှ တာဝန်ရှိသူကပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို The Phoenix Army (MTG) ၊ မုံရွာခရိုင် တပ်ရင်းများ၊ ပကဖ တော်လှန်ရေးမဟာမိတ်အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော မြို့မ ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပွဲတိုင်းကျော် လက်နက်ကြီးတပ်ဖွဲ့မှ တာဝန်ခံ ကိုဖြိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ယင်းမာပင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော မြို့မ ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ၄၀ မမ ၊ ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တော်လှန်ရေး ရဲဘော်များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။
“ယင်းမာပင်မြို့ပေါ်ကရဲစခန်းကို ကျွန်တော်တို့ မဟာမိတ် ပူးပေါင်းအဖွဲ့တွေနဲ့ ပူးပေါင်းပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး အင်အားက ၁၀၀ ကျော်ရှိတယ်။ စစ်ခွေး သေစာရင်းကတော့ မသိရသေးဘူး။စစ်ခွေး ၁ဦးတော့ ထိခိုက်တယ်လို့ကြားထားတယ်”ဟု ပွဲတိုင်းကျော်လက်နက်ကြီးတပ်ဖွဲ့ မှ တာဝန်ခံ ကိုဖြိုးကပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို ပွဲတိုင်းကျော်လက်နက်ကြီးတပ်ဖွဲ့ ၊ တော်လှန်ပြောက်ကျားတပ်ဖွဲ့ ၊ မျိုးဆက်သစ်လူငယ်တပ်ဖွဲ့ ၊ ဇာနည်ဘွားပြောက်ကျားတပ်ဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။




