ရန်ကုန်၊ ဖေဖော်ဝါရီ ၈
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်က တိုက်ပွဲအတွင်း အထိနာပြီး ကျေးရွာ ၂ ခုကို ဆက်တိုက်မီးရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ဖလမ်းမြို့နယ်၊ တူဖေးရွာကို ဝင်ရောက် စီးနင်းခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်းရှိ နေအိမ်များကို ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် ရွာလုံးကျွတ် နီးပါး မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။
ယနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းက တူဖေးရွာအနီးရှိ လုံဟော့ခ်ကျေးရွာကို ထပ်မံ ဝသ်ရောက် စီးနင်းခဲ့ပြီး နေအိမ်များကို ဆက်လက် မီးရှို့နေကြောင်း၊ အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခြင်းကြောင့် ပျက်စီးသွားသော နေအိမ်အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
“ဖလမ်းမြို့နယ်ထဲက ရွာ ၂ ခုကို စစ်ခွေးတွေက မီးရှို့နေတာပါ။ နေအိမ်ပျက်စီးမှုကို အတည်မပြုနိုင်သေးဘဲ ဖျက်ဆီးခံရတဲ့ အိမ်အရေအတွက်ကတော့များတယ်။ စစ်ခွေး စစ်ကြောင်းက တိုက်ပွဲတွေအတွင်းမှာ အထိနာပြီး ပြည်သူပိုင်နေအိမ်တွေကို မီးရှို့နေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဖေဖော်ဝါရီလ ၃ ရက်နေ့ကလည်း ဖလမ်းမြို့ကို စစ်ကြောင်းထိုးရန် ရောက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်း ၃ ခုကို CNA အပါအဝင် ချင်းတောလှန်ရေး စုပေါင်းတပ်များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃၀ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၂၀ ကျော်ရှိကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ထံမှ လက်နက်မျိုးစုံ ၃၀ နီးပါး၊ ကျည်ဘောက်များနှင့် ခဲယမ်း အမြောက်အများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် အတွင်းကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ မွန်းလွဲပိုင်းတွင် အကြမ်းဖက် စစ်တပ်က မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာတချို့ကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသော်လည်း ပျက်စီးမှု အခြေအနေအသေးစိတ်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
အလားတူ စလင်းမြို့နယ်၊ ကန်ကြီးကျေးရွာကိုလည်း အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးကာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ ညီနောင်-စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက် ၁၁နာရီခန့်တွင် ကပစ ၂၂ မှ တက်လာသော စက်တပ်လေထီး ၁ စီးသည် စလင်းမြို့နယ်၊ ကန်ကြီးကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံး ၃ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ လေကြောင်း တိုက်ခိုက်မှုအတွင်း ကန်ကြီးကျေးရွာမှ အသက် ၈၀ အရွယ် အမျိုးသမီး ၁ ဦးသေဆုံးပြီး အသက် ၇၀ နှစ်အရွယ် အမျိုးသမီး ၁ ဦးနှင့် အသက် ၄၀ နှစ်အရွယ် အမျိုးသမီး ၁ ဦး ပြင်းထန်ဒဏ်ရာရရှိကာ နွား ၃ ကောင်လည်း သေဆုံးခဲ့ကြောင်းသိရှိရသည်။
“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေက ဗုံး ၃ လုံးကျဲချမှုကြောင့် ကန်ကြီးကျေးရွာမှာရှိတဲ့ နေအိမ်ပေါ်ကို ကျရောက်ပေါက်ကွဲတာ အသက် ၈၀ အရွယ် အဖွားအို ၁ ဦး သေဆုံးပြီး အသက် ၇၀အရွယ် အဖွား ၂ ဦးနှင့် အသက် ၄၀အရွယ် အမျိုးသမီးတစ်ဦးတို့လည်း ပြင်းထန်ဒဏ်ရာရတယ်။ ရွာထဲမှာရှိတဲ့ နွား ၃ကောင်လည်း သေဆုံးခဲ့တယ်လို့ သိရှိရတယ်” ဟု ပြည်သူ့ ညီနောင်-စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ပြောဆိုသည်။






