26 C
Yangon

တောင်တွင်းကြီးနှင့် ဝမ်းတွင်းမြို့နယ်တွင် စစ်တပ်က ကျေးရွာထဲထိ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး တားဆီးသည့် မိခင်ဖြစ်သူများပါ စစ်သားများက ဝိုင်းဝန်းရိုက်နှက်ခဲ့

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးပြီး တားဆီးသည့် မိခင်ဖြစ်သူများကိုပါ စစ်သားများက ဝိုင်းဝန်းရိုက်နှက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလပိုင်းမှ စတင်ပြီး အကြမ်းဖက် စစ်တပ်က တောင်တွင်းကြီးမြို့နယ်၊ ကင်မွန်းတောင်ကျေးရွာအုပ်စုရှိ ရွာများကို ဝင်ရောက် စီးနင်းပြီး ပေါ်တာဆွဲ ဖမ်းဆီးခြင်းများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ထိုသို့ ပေါ်တာဆွဲ ဖမ်းဆီးနိုင်ရန် ကျေးရွာအုပ်ချုပ်ရေးမှူးများက အမည်စာရင်းများကို စစ်တပ်ထံ ပေးပို့ပြီး လိုက်လံ ဖမ်းဆီးခိုင်းဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့ကလည်း ကင်မွန်းတောင်ကျေးရွာအုပ်စု၊ ညောင်ပင်သာရွာထိပ်တွင် တောထဲမှ ထင်းကောက်ပြီး နွားလှည်းဖြင့် ပြန်လာသော သားအမိ ၂ ဦးကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးပြီး သားဖြစ်သူကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ မိခင်ဖြစ်သူက စစ်သားများအား ဒူးထောက်တောင်းပန်ပြီး တားဆီးခြင်းကြောင့် စစ်သားများက အုပ်စုဖွဲ့ ဝိုင်းရိုက်ခဲ့ကြောင်း သိရသည်။

“တောင်တွင်းကြီးမြို့နယ်ဘက်က ရွာတွေမှာ အိမ်ထဲထိကို စစ်တပ်က လိုက်ပြီး ပေါ်တာဆွဲနေတာ ညဘက်တွေကို အဓိကထားပြီး ဆွဲပါတယ်။ ရွာလူကြီးတွေလည်း လတိုင်း စစ်မှုထမ်းကြေးကောက်တယ်။ ပြည်သူတွေကလည်း ပိုက်ဆံပေးနေတာပဲ အဲတာလည်း ပေါ်တာဆွဲ ခံရပါတယ်။ ပြန်ရွေးရရင်လည်း ငွေကျပ် သိန်း ၂၀၀ ကျော်တောင်းပါတယ်။ တနေ့ကလည်း တောထဲကနေ ပြန်လာတာတဲ့ ထင်းကောက်ပြီး ပြန်လာတဲ့ သားအမိ ၂ ဦးကို နွားလှည်းပေါ်ကဆွဲပြီး ဖမ်းတာ သူ့အမေက တောင်းပန်တာကို သူတို့ကို တားဆီးတယ်ဆိုပြီး ခြေထောက်တွေနဲ့ကန် ဝိုင်းရိုက်ပြီး ခေါ်သွားကျတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

တောင်တွင်းကြီးမြို့နယ် အတွင်းရှိ ကျေးရွာများတွင် အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများက ပြည်သူများထံမှ လစဉ် စစ်မှုထမ်းကြေး ငွေကျပ် သောင်းချီ ကောက်ခံပြီး ကြီးပွားချမ်းသာနေကြောင်း ဒေသပြည်သူများက ဆက်လက်ပြောဆိုသည်။

အလားတူ မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွက်လည်း အကြမ်းဖက် စစ်တပ်က သုံးဘီးဆိုင်ကယ် မောင်းနှင်းနေသည့် လူငယ် ၂ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း Voice Of Wundwin အဖွဲ့ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ ပြောဆိုချက်အရ သိရသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက်အစောပိုင်း ၆ နာရီ ကျော်ခန့်တွင် ဝမ်းတွင်းမြို့နယ်၊ ထနောက်ကုန်းရွာမှ လူငယ် ၂ ဦးသည် သုံးဘီးဆိုင်ကယ်ဖြင့် နတ်နန်းရွာသို့ နွားတင်ရန် သွားရောက်စဉ် အကြမ်းဖက် စစ်တပ်က လမ်းပိုင်းတနေရာ၌ ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ပေါ်တာဆွဲ ဖမ်းဆီးခံရသော လူငယ် ၂ ဦး၏ သုံးဘီးဆိုင်ကယ်ကိုလည်း စစ်သားများက လမ်းဘေးတွင်ထားခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ဖားကန့်မြို့နယ်တွင် စစ်တပ်က ကျေးရွာနေပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့စဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article