26 C
Yangon

ဝိုင်းမော်မြို့နယ်၊ လမြန်ရွာတိုက်ပွဲအတွင်း KIA ပူးပေါင်းတပ်က စစ်သား ၄ ဦး အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ၊ ဖားကန့်တွင်လည်း ယနေ့ မွန်းလွဲပိုင်းမှ စ၍ တိုက်ပွဲများ ဖြစ်ပွားနေ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ လမြန်ရွာ တိုက်ပွဲအတွင်း KIA ပူးပေါင်းတပ်က စစ်သား ၄ ဦး အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေပိုင်းတွင် ဝိုင်းမော်မြို့နယ်၊ လမြန်ရွာဘက်၌ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း KIA ပူးပေါင်း တပ်ဖွဲ့က စစ်သား ၄ ဦးကို အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထိုထိတွေ့ တိုက်ပွဲသည်လည်း ပြင်းထန်ခဲ့ပြီး မြစ်ကြီးနားဘက်မှ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့ကလည်း ဝိုင်းမော်မြို့နယ်ရှိ လမြန်ရွာ LBC ခရစ်ယာန်ဘုရားကျောင်း အနီးတဝိုက်ကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးလာ၍ KIA ပူးပေါင်း တပ်ဖွဲ့များနှင့် တနေကုန် တိုက်ပွဲပြင်းထန်ခဲ့ကာ တိုက်ပွဲအတွင်း KIA ပူးပေါင်းတပ်က စစ်တပ်၏ သံချပ်ကာကား ၁ စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

“ဖေဖော်ဝါရီလ ၅ ရက်နေ့က ဝိုင်းမော် လမြန်ရွာဘက်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်းမှာ KIA ပူးပေါင်းတပ်က စစ်ခွေး ၄ ကောင်နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိတယ်။ ဘယ်နှလက် သိမ်းဆည်းနိုင်လဲတော့ မသိရသေးဘူး။ အဲနေ့ တိုက်ပွဲက တော်တော်ပြင်းထန်လို့ မြစ်ကြီးနားကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူတာတွေလည်းရှိတယ်လို့ သိရတယ်” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင်လည်း ယနေ့ မွန်းလွဲပိုင်းမှ စတင်ပြီး တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ မွန်းလွဲပိုင်းကစတင်ပြီး ဖားကန့်မြို့ မရှီကထောင် ရပ်ကွက် အနီးရှိ ထုံးဘိုရွာဘက်တွင် လက်နက်ကြီး၊ လက်နက်သံ ပစ်ခတ်သံများ ကြားနေရကြောင်း၊ ထိုထိတွေ့ တိုက်ပွဲများသည် ဇန်နဝါရီလ ၂၄ ရက်နေ့ကစတင်ပြီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုးနေသောကြောင့် ယနေ့ချိန်ထိ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။

“ဖားကန့်က နံနက်ပိုင်းတစ်ပိုင်းလုံး ငြိမ်နေတာ အခုမွန်းလွဲပိုင်းက စပြီး ထုံးဘိုဘက်မှာ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေ ပြန်ကြားရတယ်။ စစ်ခွေး စစ်ကြောင်းထိုးလာတဲ့ ဇန်နဝါရီ ၂၄ ရက်နေ့က အခုထိ နေ့တိုင်းနီးပါးကိုဖြစ်နေတာ ပြည်သူတွေလည်း ရွာထဲခဏဝင်လိုက် ပြန်ထွက်လိုက်နဲ့ပဲ တိမ်းရှောင်နေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၇ ရက်နေ့ကလည်း ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်ရှိ ဒေါ်စောခေါက်ဆွဲဆိုင်ပေါ်ကို စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ ဆိုင်ရှင်ဒေါ်စော၏သမီး ဖြစ်သူ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင်လည်း ဖားကန့်မြို့ ကလပ်ကုန်းရပ်ကွက် နေအိမ် ၁ လုံးပေါ်ကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article