ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀
ချင်းပြည်နယ်တွင် စစ်တပ်က ဘာသာရေးအဆောက်အအုံများကို လေယာဉ်ဖြင့် ဗုံးကျဲမှုတွင် အီရန်နိုင်ငံထုတ် လေယာဉ်ဆီများ အသုံးပြုနေမှုအပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ယမန်နေ့ သတင်းထုတ်ပြန်သည်။
ချင်းပြည်နယ်အတွင်းရှိ ခရစ်ယာန်ဘုရားကျောင်းများနှင့် ဗုဒ္ဓဘာသာဆိုင်ရာ အဆောက်အအုံများကို မြန်မာစစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေခြင်းကို ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး၊ အဆိုပါတိုက်ခိုက်မှုများသည် အီရန်နိုင်ငံမှပေးပို့သော လေယာဉ်ဆီများကြောင့် ဖြစ်နိုင်ခြေရှိကြောင်း
ဖေဖော်ဝါရီ ၈ ရက်နေ့ က ကန်ပက်လက်၊ မင်းတပ် နှင့် မတူပီမြို့နယ်များတွင် စစ်ကောင်စီက လေကြောင်းမှ တပြိုင်နက်တည်း တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ဖေဖော်ဝါရီလ ၈ ရက်နေ့ မတူပီမြို့နယ် ချင်းပြန့်ကျေးရွာရှိ Gospel Baptist Church ဘုရားကျောင်းတွင် ဝတ်ပြုကိုးကွယ်နေစဉ်အတွင်း လေကြောင်းမှ ဗုံးကျဲခဲ့ရာ ကလေးငယ် ၁ ဦးအပါအဝင် အရပ်သား ၃ ဦး သေဆုံးခဲ့ပြီး၊ ကျောင်းစာသင်ခန်းနှင့် လူနေအိမ်များ ပျက်စီးခဲ့ကြောင်း၊ အလားတူ မင်းတပ်မြို့တွင်လည်း လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ဗုဒ္ဓဘာသာ ဓမ္မာရုံ ကို ထိမှန်ခဲ့ပြီး သံဃာတော ၁ ပါး ဒဏ်ရာရရှိခဲ့ကာ နေအိမ်နှင့် ဆိုင်ခန်းများ ပျက်စီးခဲ့ကြောင်း သိရှိရသည်။
ထို့အတူ ဖေဖော်ဝါရီလ ၈ ရက်နေ့ ကန်ပက်လက်မြို့ရှိ လူနေရပ်ကွက်အတွင်းသို့ လေယာဉ်ဖြင့် ဗုံး ၂ ကြိမ် ကြဲချခဲ့သဖြင့် နေအိမ် ၅ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့ မှ ဖေဖော်ဝါရီ ၈ ရက်နေ့ အထိ ချင်းပြည်နယ်တွင် စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ကလေးငယ် ၃ ဦး အပါအဝင် အရပ်သား ၇ ဦး သေဆုံးခဲ့ကြောင်း၊ လူပေါင်း ၂၀ ကျော် ဒဏ်ရာရရှိကြောင်း၊ ဘာသာရေးအဆောက်အအုံ ၆ လုံး၊ စာသင်ကျောင်း ၂ ကျောင်း၊ ဆေးရုံ ၁ ရုံ နှင့် လူနေအိမ် ၆၀ ကျော် ပျက်စီးခဲ့ကြောငး CHRO က ပြောဆိုသည်။
CHRO ၏ အမှုဆောင်ဒါရိုက်တာ ဆလိုင်းဇအုပ်လင်း (Salai Za Uk Ling) က အပြည်ပြည်ဆိုင်ရာ ပိတ်ဆို့မှုများရှိနေသော်လည်း အီရန်နိုင်ငံမှ လေယာဉ်ဆီများ မြန်မာစစ်တပ်ထံသို့ ရောက်ရှိနေကြောင်း Reuters သတင်းဌာန၏ စုံစမ်းစစ်ဆေးမှုကို ကိုးကား၍ ပြောကြားခဲ့သည်။
“နိုင်ငံတကာ ထောက်ပံ့ရေးကွင်းဆက်တွေက ချင်းပြည်နယ်က ဘုရားကျောင်းတွေကို ဗုံးကျဲနေတဲ့ လေယာဉ်တွေအတွက် ဆီဖြည့်ပေးနေတာပါ။ အီရန်ရဲ့ လေယာဉ်ဆီတွေက ဘာသာရေးလူမှုအသိုက်အဝန်းတွေကို တိုက်ခိုက်ဖို့ တိုက်ရိုက်ကူညီပေးနေသလို ဖြစ်နေတယ်” ဟု ဆလိုင်းဇအုပ်လင်းက ဆိုသည်။
CHRO အနေဖြင့် အီရန်နိုင်ငံအပါအဝင် မြန်မာစစ်တပ်ထံ လေယာဉ်ဆီ ရောက်ရှိစေမည့် ကွင်းဆက်များကို ထိရောက်စွာ ပိတ်ဆို့အရေးယူရန်၊ အရပ်သားများနှင့် ဘာသာရေးနေရာများကို ပစ်မှတ်ထားတိုက်ခိုက်နေမှုအပေါ် အီရန်တွင် တာဝန်ရှိကြောင်း ဖော်ထုတ်ရန် ၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အရေးပေါ်အစည်းအဝေးခေါ်ယူရန်၊ စစ်ရာဇဝတ်မှု ကျူးလွန်သူများကို နိုင်ငံတကာ တရားစီရင်ရေးယန္တရားများဖြင့် အရေးယူရန် တောင်းဆိုထားသည်။






