ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀
မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ပျူစောထီး ၂၃ ဦးသေဆုံးပြီး စစ်ကြောင်းတစ်ခုလုံး အထိနာ၍ လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲနေကြောင်း မြိုင်မြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၇ နာရီမှစ၍ ညနေ ၅ နာရီ အချိန်အထိ ပေါက်မြို့နယ်တောင်ပိုင်း၊ သီး ချောက်ကျေးရွာအနီးတွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီး စစ်သား ၅ ဦးသေဆုံးကာ ၂၀ ဦးခန့် ထိခိုက် ဒဏ် ရာရရှိခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်ခံရပြီး အထိနာသွားသော စစ်ကြောင်းက ယင်းနေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် ပျူစောထီး ကျေးရွာများအတွင်းသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၄ ရက်နေ့ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်၏ ကပစ ၂၄ မှ လက်နက်ကြီးများဖြင့် ၆ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် ပေါက် မြို့နယ်ပကဖမှ ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အလားတူ ဖေဖော်ဝါရီလ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်အချိန် စစ်တပ်က တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သော စစ်သားများနှင့် ပျူစောထီးများကို ခေါ် ဆောင်ကာ အင်အား ၁၇၀ ခန့်ဖြင့် ကပစ ၂၄ သို့ ထွက်လာစဉ် ဆင်ဇာကျေးရွာတောတိုက်အကျော် ပေါက်ချောင်းအောက်စု ကျေးရွာဘက်အရောက် တော်လှန်ရေး တပ်ဖွဲ့များက ထပ်မံတိုက်ခိုက်ခဲ့ကြောင်း၊ အပြန်အလှန် ပစ်ခတ် တိုက်ပွဲ ၃ နာရီခန့်ဖြစ်ခဲ့ပြီး စစ်သား ၁၈ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ထို့နောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဖေဖော်ဝါရီလ ၆ ရက်နေ့ ည ၉ နာရီအချိန် ပေါက်မြို့နယ် ကပစ ၂၄ အတွင်း ဝင်ရောက်သွားပြီး လူနာများကို ပေါက်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ စစ်သားများ တက်ရောက်နေသည့် ပြည်သူ့ဆေးရုံကို စစ်တပ်က ပိတ်ဆို့ထားပြီး ပြည်သူများကို ဝင်ခွင့်မပေးကြောင်း သိရှိရသည်။
“တိုက်ပွဲမှာ စစ်ခွေးတွေ တော်တော်အထိနာလို့ အခုချိန်ထိ ကျေးရွာတွေထဲကို လေယာဉ်နဲ့ ဆက်တိုက်ကို ဗုံးကျဲနေတယ်။ ဒီနေ့ နံနက်ပိုင်းကလည်း ဂျက်ဖိုက်တာ ၂ စီးနဲ့ ကျဲသွားတယ်။ အခုလည်း လေယာဉ်တွေ ဝဲနေတုန်းပဲ စစ်ခွေးစစ်ကြောင်းမှာ ထိခိုက်ဒဏ်ရာရတဲ့ စစ်ခွေးတွေ ပေါက်မြို့နယ်ပြည်သူ့ဆေးရုံမှာ ကုသနေတယ်လို့ သိရတယ်။ မြေပြင်မှာ တိုက်ပွဲမရှိဘူး။ သူတို့ အထိနာလို့ ရွာတွေကို ဗုံးလိုက်ကျဲနေတာ” ဟု မြိုင်မြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပေါက် – ပကဖ နှင့် မြိုင် ပကဖ တို့ ပူးပေါင်း တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ယင်းစစ်တပ်စစ်ကြောင်းသည် တပ်မ ၉၉ ပေါက်မြို့နယ်တောင်ပိုင်းရှိ ကျေး ရွာများမှ ပျူစောထီးများ ပူးပေါင်းကာ စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-မြိုင်ပကဖ၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သော စစ်သားတချို့။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




