ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မရှီကထောင်ရပ်ကွက်နှင့် လုံးခင်းကျေးရွာတို့ဘက်တွင် တိုက်ပွဲ ဖြစ်နေပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားနေသောကြောင့် လေကြောင်းဖြင့် ဗုံးကျဲတိုက် ခိုက်ခဲ့ကြောင်း ဖားကန့်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်အချိန် ဖားကန့်မြို့နယ်၊ မရှီကထောင်ရပ်ကွက်၊ ဆုတောင်းကုန်းဘက်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားနေသော ကြောင့် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက် သေဆုံးမှုအခြေအနေကို အတိအကျ မသိရှိရသေးပေ။
“မရှီးကထောင်ရပ်ကွက် ဆုတောင်းကုန်းဘက်မှာ ဗုံးကျဲသွားတာ။ KIA ၊ KPDF နဲ့ စကမတို့ကြား တိုက်ပွဲဖြစ်နေလို့ လေကြောင်းကနေ တိုက်ခိုက်တာဖြစ်ပါတယ်။ စကမတွေဘက်က အထိနာတယ်။ အဲဒါကြောင့် လေကြောင်းကနေ လာပြီးဗုံးကျဲတာပါ၊ လက်ရှိအထိတိုက်ပွဲဖြစ်နေတုန်းမို့ အသေးစိတ် အခြေအနေတော့ မသိရသေးဘူး” ဟု ဖားကန့်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံ သို့ ပြောကြားသည်။
အလားတူ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှောစီဇာ – နမ္မဖြစ် ကားလမ်းမပေါ်သို့ ထွက်လာ သော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို KIA ၊ KPDF ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ပေါက်ကွဲသံ ၃ ချက်ကြား သိရပြီး စစ်သား များ ထိခိုက်သေဆုံးမှုရှိပြီး အရေအတွက် အတိအကျ သိရှိရခြင်းမရှိသေးကြောင်း သိရသည်။
“လုံးခင်းအုပ်စု မှော်စီဇာရွာထဲမှာလည်း စစ်တပ်ဘက်က စစ်ကြောင်းထွက်လာလို့ KIA ၊ KPDF တပ် ဖွဲ့ တွေက နေ မိုင်းဆွဲတိုက်ခိုက်တာရှိတယ်။ ပေါက်ကွဲသံ ၃ ချက်ပဲ၊တော်တော်အသံကျယ်တယ်။ ထိ ခိုက်မှုရှိတယ်။ အတိအကျ မသိရသေးဘူး” ဟု ဖားကန့်သတင်းရင်းမြစ်က ရှင်းပြသည်။
ဖားကန့်စစ်ရေးအခြေအနေ တင်းမာမှုကြောင့် ယနေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်မှစတင်ကာ ဖားကန့်မြို့၏ အဓိကဝင်ထွက်ဂိတ်တစ်ခုဖြစ်သော လယ်ပြင် (Lepyin) ဂိတ်ကို စစ်ကောင်စီတပ်များက ပိတ်ထားလိုက်ပြီဖြစ်သည်။ ထိုသို့ ဂိတ်ပိတ်လိုက်ခြင်းကြောင့် ခရီးသွားပြည်သူများနှင့် ကုန်တင်ယာဉ်များ အဝင်အထွက်မရဘဲ ပိတ်မိနေကြောင်း သိရသည်။
လက်ရှိတွင် ဖားကန့်ဒေသအတွင်း နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီဘက်မှ လက်နက် ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ရှိနေသည်။ တိုက်ပွဲကြောင့် ဒေသခံပြည်သူများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရပြီး ဖားကန့်-မြစ်ကြီးနား လမ်းပိုင်းတွင်လည်း စစ်ကောင်စီ၏ ကန့်သတ်ပိတ်ပင်မှုများကြောင့် သွားလာရေး ခက်ခဲလျက်ရှိသည်။
ဖားကန့်မြို့တွင် အကြမ်းဖက်စစ်တပ်က အတုအယောင်ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိဘဲ ပျက်သွား ပြီးနောက် KIA ၊ KPDF တပ်ဖွဲ့များ စိုးမိုးထားသည့် နယ်မြေများအတွင်းသို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်း ထိုးလှုပ်ရှားလာသောကြောင့် နှစ်ဖက်က်အပြန်အလှန်ပစ်ခတ်တိုက်ပွဲ နေ့စဉ်ပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က အရပ်သားပြည်သူလူထုကို လေကြေင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု ကြောင့် အရပ်သားပြည်သူများလည်း ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။






