28 C
Yangon

ဝိုင်းမော်တွင် ၅ ရက်တာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီးနောက် ခလရ ၅၈ ၏ ကာကင်းစခန်း ၂ ခုကို KIA က သိမ်းပိုက်၊ လက်နက်ခဲယမ်းအများအပြား ရရှိထား

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်တွင် ၅ ရက်တာ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်တပ်၏ ခလရ ၅၈ ကာကင်းစခန်း ၂ ခုကို သိမ်းပိုက်ရရှိကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့မှဖေဖော်ဝါရီလ ၉ ရက်နေ့အထိ စစ်တပ်နှင့် KIA တပ်များအကြား ၀ိုင်းမော်မြို့နယ်တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားပြီးနောက် ခလရ ၅၈ တပ်ရင်း၏ ကာကင်းစခန်း ၂ ခုကို သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း၊ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားပြီး လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းရရှိထားကြောင်း သိရှိရသည်။

“ဝိုင်းမော် တိုက်ပွဲမှာ စစ်ခွေးနဲ့ ပသစ များထိခိုက်ကျဆုံးမှု တော်တော်များနေတယ်။ လက်နက်ခဲယမ်းတော်တော်များများသိမ်းဆည်းရှိထားတယ်။ ခလရ ၅၈ တပ်ရင်းရဲ့ ကာကင်း ၂ခု ထပ်ရထားတယ်” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

စစ်တပ်က ခလရ ၅၈ တပ်ရင်းကို ကာကွယ်ရန်အတွက် မြစ်ကြီးနားမြို့နယ်၊ဗလမင်းထင်တံတားအနီး၊ မိုင်းနားကျေးရွာ (မခေါယာန်) ရှိ မှန်ပြတောင်ပေါ်မှနေ၍ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ကူပေးနေကြောင်း ၊ စစ်တပ်က မှန်ပြတောင်ထိပ်တွင် ရေဒါစနစ်အသေးစားတစ်ခုကို အထိုင်ချ တပ်ဆင်ထားကြောင်း သိရသည်။ ၎င်းရေဒါစနစ်ဖြင့် တော်လှန်ရေးတပ်ဖွဲ့များ၏ ဒရုန်းလှုပ်ရှားမှုများကို စောင့်ကြည့်ခြေရာခံနေပြီး၊ ဒရုန်းရှိနိုင်မည့် နေရာများကို ခန့်မှန်းကာ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရှိရသည် ။

ယနေ့ တွင် စစ်တပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်က တိုက်ပွဲဖြစ်ပွားရာနေရာများသာမက လူနေရပ်ကွက်များအတွင်းသို့လည်း ကျရောက်ခဲ့ပြီး ခလရ ၅၈ အနီး နေထိုင်သည့် ပြည်သူတစ်ဦးမှာ လက်နက်ကြီးကျည် ထိမှန်မှုကြောင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ရကြောင်း သိရသည်။

KIO ဒုတိယဥက္ကဋ္ဌ ၁ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က KIA တွင် မြစ်ကြီးနားနှင့် ၀ိုင်းမော်တို့တွင် တိုက်ပွဲများ ဖော်ဆောင်ရန် အဆင်သင့်ရှိနေကြောင်း ၆၅ နှစ်မြောက် ကချင်တော်လှန်ရေးနေ့ အထိမ်းအမှတ် မိန့်ခွန်းတွင် ထုတ်ဖော်ပြောဆိုထားသည်။

“မြစ်ကြီးနားနဲ့ ၀ိုင်းမော်ကို တိုက်ပွဲတွေ ဖော်ဆောင်ဖို့ အဆင့်သင့် လုပ်ထားတဲ့အချိန်မှာပဲ ကျနော်တို့ မေခမြစ်စိုးမိုးရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ဖို့ မေခမြစ်ဘက်ကို ကျနော်တို့က တိုက်ပွဲတွေဖော်ဆောင်တယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က ထုတ်ဖော်ပြောဆိုထားသည်။

ဓာတ်ပုံ- စခန်းသိမ်းတိုက်ပွဲအတွင်း စစ်တပ်၏ တင့်ကား ၁ စီးကို KIA တပ်များက ဖျက်ဆီးထားစဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article