ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂
ရှမ်းပြည်မြောက်ပိုင်း၊ ကိုးကန့်အထူးဒေသ ၁ တွင် မူးယစ်ဆေးဝါးနှင့် ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းများကို ကိုးကန့်တပ်မှ အရာရှိများအနေဖြင့် လုံး၀မပတ်သက်ရန် MNDAA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်တာ့ရွှင်က သတိပေးသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မြန်မာနိုင်ငံအထူးဒေသ ၁၏ မြို့တော် လောက်ကိုင်မြို့တွင် ပြုလုပ်သော ၂၀၂၅ ခုနှစ် နှစ်ပတ်လည် အစည်းအဝေးနှင့် ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။
MNDAA အနေဖြင့် မူးယစ်ဆေးနှင့် ကျားဖြန့်ငွေလိမ်ဂိုဏ်းများကို တိုက်ဖျက်မည်ဖြစ်ပြီး MNDAA မှ ဝန်ထမ်းနှင့် အရာရှိများအနေဖြင့် မူးယစ်ဆေးဝါးနှင့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) များတွင် လုံးဝပတ်သက်မှုမရှိစေရန် သတိပေးကြောင်း၊ ကိုးကန့်ဒေသတွင်လည်း တရားဝင်စီးပွားရေးလုပ်ငန်းများကိုသာ ဖွံ့ဖြိုးအောင်လုပ် ဆောင်ရန်၊ ဥပဒေဖောက်ဖျက်သူ မည်သူ့ကိုမဆို အပြတ်အသတ် အရေးယူမည်ဖြစ်ကြောင်း MNDAA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်တာ့ရွှင်က သတိပေးပြောဆိုသည်။ ု
အဆိုပါ အခမ်းအနားတွင် ၂၀၂၅ ခုနှစ်အတွင်း ကိုးကန့်အထူးဒေသ ၁ တည်ဆောက်ရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ မြို့ပြအခြေခံအဆောက်အအုံ၊ ပညာရေး၊ ကျန်းမာရေးနှင့် နိုင်ငံခြားရေးကဏ္ဍများမှ အောင်မြင်မှုများကို အစီရင်ခံစာ တင်ပြခဲ့ပြီး လက်ရှိလုပ်ငန်းခွင်အတွင်းရှိ အားနည်းချက်များကိုလည်း လက်တွေ့ကျကျ ဆန်းစစ်ကာ ၂၀၂၆ ခုနှစ်အတွက် လမ်းညွှန်ချက်များ ချမှတ်ခဲ့ကြောင်း သိရှိရသည်။
MNDAA စစ်ဦးစီးချုပ်က “နိုင်ငံရေးအရ တပ်တည်ဆောက်ခြင်း၊ ဥပဒေအရ တပ်ကိုအုပ်ချုပ်ခြင်း” ဆိုသည့် ရည်မှန်းချက်ကို ခိုင်မာစွာ ဆက်လက်လုပ်ဆောင်ရန် ညွှန်ကြားပြီး ဒေသအေးချမ်းရေးကို ကာကွယ်ရန် တိုက်တွန်းသည်။
MNDAA ဥက္ကဋ္ဌက ငြိမ်းချမ်းရေးမှာ ရရှိရန် မလွယ်ကူသဖြင့် တန်ဖိုးထားရမည်ဖြစ်ပြီး ကိုးကန့်အထူးဒေသ ၁ ကို မြန်မာနိုင်ငံမြောက်ပိုင်း၏ ကုန်းမြင့်ပုလဲရတနာ ဖြစ်လာစေရန် တည်ဆောက်ရမည်ဖြစ်ကြောင်း ပြောဆိုသွားကြောင်း သိရှိရသည်။






