ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄
နေပြည်တော်၊ ပျဉ်းမနားတွင် ငလျင်ဘေးထောက်ပံ့မှုများ ရယူလိုပါက မိသားစု တစ်စုလျှင် ကျပ် ၁၀ သိန်း ပေးနေရပြီး ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက အဂတိလိုက်စားမှုနှင့် အလွဲသုံးစားမှု အကြီး အကျယ်လုပ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြီးကြောင့် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်း ပျက်စီးသွားသော နေအိမ်များအတွက် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ပွဲတော်ကြီးသဖွယ် အဂတိလိုက်စားမှုများ ကျူးလွန်နေကြောင်း ငလျင်ဘေးသင့် ပြည်သူများက ပြောဆိုကြသည်။
ပျဉ်းမားမြို့နယ်တွင် အထူးသဖြင့် ရွှေချီရပ်ကွက်နှင့် မင်္ဂလာရပ်ကွက်တို့တွင် ငလျင်ဘေးသင့် အိမ်ပြိုစာရင်း ကောက်ယူရာ၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများက အိမ်တစ်အိမ်လျှင် ငွေကျပ် ၁၀ သိန်း ပေးဆောင်မှသာ ငလျင်ကြောင့် အိမ်ပြိုစာရင်း တွင် ထည့်သွင်းပေးကြောင်း၊ ငွေမပေးနိုင်သည့် အမှန်တကယ် အိမ်ပြိုကျသူများကိုမူ “တစိတ်တပိုင်းပျက်စီး” စာရင်းတွင်သာ ထည့်သွင်းသဖြင့် ငလျင်ဘေးသင့် ထောက်ပံ့ပစ္စည်းနှင့် ငွေကြေးများကို အနည်းငယ်သာ ရရှိကြောင်း သိရသည်။
ငလျင်ဘေးသင့်ပြည်သူများအတွက် နိုင်ငံတကာအလှူရှင်များနှင့် နိုင်ငံတကာအစိုးရက ထောက်ပံ့သည့် သွပ်၊ ဘိလပ်မြေနှင့် သံချောင်းများကိုလည်း ငွေ ၁၀ သိန်း ပေးနိုင်သူများကသာ အပြည့်အဝရရှိကြောင်း၊ ယင်းအပြင် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များက ငလျင်ဘေးသင့်ပြည်သူများအတွက်ပေးအပ်သော အိမ်ဆောက်ပစ္စည်းများကို ကားများဖြင့် သယ်ထုတ်ကာ ပြင်ပစျေးကွက်သို့ ပြန်လည်ရောင်းစားနေကြောင်း သိရှိရသည်။
“ရွှေချီရပ်ကွက်အုပ်ကြီး စိုးစိုး ဆိုရင် အရင် ဦးသန်းရွှေလက်ထက်ကတည်းက စားဖားကြီးပဲ။ NLD လက်ထက်မှာ ပြုတ်သွားပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာ အုပ်ကြီး ပြန်ဖြစ်လာတာ။ အခု ငလျင်လှုပ်ပြီးနောက်ပိုင်း သူနဲ့ သူ့လက်ပါးစေ ရာအိမ်မှူးတွေဖြစ်တဲ့ ကျော်ကျော်၊ မြင့်ဌေး၊ မောင်လေးကြီး တို့ဆိုရင် ငလျင်ဘေး ထောက်ပံ့ရေး လိုချင်သူတွေဆီကနေ တစ်အိမ်ထောင် ငွေ ၁၀ သိန်း တောင်းတာ သိန်းရာချီ ရသွားကြတယ်။ အုပ်ကြီးစိုးစိုးဆိုရင် သူ့အိမ်ကို သုံးထပ်တိုက်တောင် ဆောက်နေပြီ” ဟု ငလျင်ဘေးသင့် ပြည်သူတစ်ဦးက ရှင်းပြသည်။
ငလျင်ဘေးသင့် ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းနှင့် ထောက်ပံ့ရေးပစ္စည်းများကို အမှန်တကယ် ဒုက္ခရောက်သူများကို မပေးဘဲ မြို့နယ်နှင့်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက ကိုယ်ပိုင်ပစ္စည်းများကဲ့သို့ ထုတ်ရောင်းနေကြကြောင်း၊ မြို့နယ်ထွေအုပ်နှင့် ရပ်ကွက်အုပ်ကြီးများမှာ ပုလင်းတူဗူးစို့ ပေါင်းစားနေကြသဖြင့် သွားရောက်တိုင်ကြားသော်လည်း ထိရောက်သည့် အရေးယူမှု မရှိကြောင်း သိရသည်။
“ကျွန်တော်တို့မှာ အိမ်ပြိုလို့ နေစရာမရှိဖြစ်နေတာ။ သူတို့ကတော့ ကျွန်တော်တို့ နာမည်တွေကို သုံးပြီး သွပ်တွေ၊ ဘိလပ်မြေတွေ ကားနဲ့တိုက်ပြီး ရောင်းစားနေကြတာ။ အပူစာစားတဲ့ သူခိုးတွေပါပဲ” ဟု ဘေးသင့်ပြည်သူတစ်ဦးက ရှင်းပြသည်။
လက်ရှိတွင် ပျဉ်းမနားမြို့နယ်အတွင်းရှိ ငလျင်ဘေးသင့် ပြည်သူများမှာ စားဝတ်နေရေးနှင့် ပြန် လည်ထူထောင်ရေးအတွက် အခက်အခဲကြီးစွာ ရင်ဆိုင်နေရပြီး ငလျင်ဘေးသင့် ပြည်သူများထောက်ပံ့ရေး အစီအစဉ်မှာ မြို့နယ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များအတွက် စီးပွားရှာရာ နေရာကြီးဖြစ်နေကြောင်း ငလျင်ဘေးသင့် ပြည်သူများက ပြောဆိုကြသည်။




