25 C
Yangon

ရခိုင်စစ်ဆင်ရေးအတွင်း တပ်ဆုတ်ခဲ့သည့် ဒုဗိုလ်မှူးကြီးအဆင့် အပါအဝင် အရာရှိများကို သေဒဏ်နှင့် ထောင်ဒဏ်များ ချမှတ်

Must read

ရန်ကုန် – ဖေဖော်ဝါရီ ၁၄

ရခိုင်ပြည်နယ် စစ်ဆင်ရေးများအတွင်း စစ်မြေပြင်မှ ဆုတ်ခွာခဲ့ကြသည့် ဒုဗိုလ်မှူးကြီးအဆင့် အပါ အဝင် အရာရှိများကို စစ်တပ်က သေဒဏ်နှင့် ထောင်ဒဏ်များ အသီးသီး ချမှတ်လိုက်ကြောင်း စစ်ဘက်သတင်းရင်းမြစ်များနှင့် CDM ဗိုလ်ကြီးဇင်ယော်၏ ပြောကြားချက်အရ သိရသည်။

ဘူးသီးတောင်မြို့အခြေစိုက် ခလရ ၂၆၃ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဆန်းကျော်သူကို တပ်မတော်အက်ဥပဒေ ပုဒ်မ ၃၂(က) နှင့် ၃၂(ဎ) တို့ဖြင့် သေဒဏ် ချမှတ်လိုက်ပြီး ခမရ ၃၅၂ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး တိုးဝေမြင့်နှင့် စကခ ၁၉ မှ နည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ဇင်သန့်တို့ကို ပုဒ်မ ၃၂(က) ဖြင့် ထောင်ဒဏ် ၂၀ နှစ် စီ အသီးသီး အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။

အဆိုပါ အရာရှိကြီး ၃ ဦးမှာ ၂၀၂၄ ခုနှစ် မေလအတွင်း ဘူးသီးတောင်တိုက်ပွဲများတွင် စကခ ၁၅ မှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း (လက်ရှိ AA ၏စစ်သုံ့ပန်းဖြစ်နေသူ) နှင့် သဘောထားကွဲလွဲမှု ဖြစ်ပွားခဲ့ပြီးနောက် စစ်တွေဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူများ ဖြစ်သည်။

ထို့ပြင် ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ကျောက်တော်တိုက်ပွဲမှ ဆုတ်ခွာခဲ့သည့် ဗျူဟာမှူး ၁ ဦးနှင့် ဗိုလ်ကြီးအဆင့် အရာရှိ ၃ ဦးတို့ကိုလည်း သေဒဏ် အမိန့်များ ချမှတ်ခဲ့ကြောင်း ၊ အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် သံဘိုရွာစစ်ဆင်ရေးမှ ဆုတ်ခွာခဲ့သည့် တပ်မတော်နည်းပညာတက္ကသိုလ် (DSTA) မှ ဒုတိယဗိုလ်မှူးကြီး (ကထိက) တစ်ဦးကိုလည်း ပုဒ်မ ၃၂(က) ဖြင့် ထောင်ဒဏ် (၂၀) နှစ် ချမှတ်ခဲ့ကြောင်း သိရှိရသည်။

ယခုကဲ့သို့ အရာရှိကြီးများကို အစုလိုက်အပြုံလိုက် ပြစ်ဒဏ်ချမှတ်နေမှုနှင့် ပတ်သက်၍ CDM ဗိုလ်ကြီးဇင်ယော်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) မကျခင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များအတွက် စစ်တရားရုံးက ဆုံးဖြတ်ချက်များ ချနေခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

“စစ်ဆင်ရေးနဲ့ ပတ်သက်တာအပြင် ရန်သူနဲ့ ပတ်သက်တာ၊ သေဒဏ်ထိုက်သင့်တဲ့ အမှုတွေကို မင်းအောင်လှိုင်အနေနဲ့ စစ်တရားရုံးနဲ့ စစ်ဆေးပြီး အမှုတွေကို အပြတ်ဖြတ်နေတာပါ။ အရာရှိတိုင်းကို အမြန် စစ်နေတာ။ အရင် ရှေ့ပထမပိုင်းမှာလည်း မြောက်ပိုင်းတိုင်းနယ်မြေက ဖြစ်စဉ်တွေအတွက် သေဒဏ်အပါအဝင် ပြစ်ဒဏ်တွေ ချခဲ့တာ ရှိပါတယ်” ဟု ၎င်းက သုံးသပ်ပြောဆိုသည်။

ဗိုလ်ကြီးဇင်ယော်၏ အဆိုအရ စစ်တရားရုံးမှ ချမှတ်သည့် ပြစ်ဒဏ်များသည် စစ်ကောင်စီခေါင်းဆောင်ကိုယ်တိုင် လက်မှတ်ထိုးမှသာ အတည်ဖြစ်သဖြင့် မင်းအောင်လှိုင်အနေဖြင့် ၎င်း၏ စစ်ရေးဆိုင်ရာ အလုပ်အကြွေးများကို အမြန်ဆုံး အဆုံးသတ်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သုံးသပ်သည်။

“စစ်တရားရုံးက ချမှတ်တဲ့ ပြစ်ဒဏ်တွေဟာ တပ်ချုပ်ကိုယ်တိုင် လက်မှတ်ထိုးမှ အတည်ဖြစ်တာမို့၊ အခုကတော့ သူ လိုအပ်တဲ့ အမှုလက်ကျန်တွေကို အကုန်လုံး လိုက်ဖြတ်နေတာ ဖြစ်ပါတယ်။ သူ့ရဲ့ အလုပ်အကြွေးတွေကို အပြတ်ဖြတ်နေတယ်လို့ပဲ ယူဆပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

လက်ရှိတွင် ကရင်ပြည်နယ်၊ ရှမ်းမြောက်နှင့် စစ်ကိုင်းတိုင်းတို့မှ စစ်ဆင်ရေး ရှုံးနိမ့်မှုနှင့် ဆုတ်ခွာမှု ဖြစ်စဉ်များကိုလည်း တစ်ပြိုင်န က်တည်း ပြစ်ဒဏ်များ အမြန်ချမှတ်ရန် စီစဉ်နေကြောင်း၊ စစ်ခေါင်း ဆောင်မင်းအောင်လှိုင်ကိုယ်တိုင် စစ်တရားရုံးများမှ အမှုများကို အမြန်စီရင် ဆုံးဖြတ်ချ စီရင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရခိုင်ပြည်၊ ၂၀၂၄ ခုနှစ်၊ နခခ ၅ စခန်းသိမ်းတိုက်ပွဲအတွင်း AA က ဖမ်းဆီးရမိသော စစ်သုံ့ပန်းများ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article