ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄
ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း ပစ်ခတ်မှုကြောင့် စစ်သား ၁ ဦး၏ ဖခင်ဖြစ်သူ ကျည်ထိမှန်သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ပေါက်ခေါင်းမြို့နယ်၊ ချင်းလည်ဂိတ်ဘက်မှ အင်အား ၁၀၀ ခန့်နှင့် ရိက္ခာတင်ကား ၁ စီးပါ စစ်ကြောင်းသည် ပေါက်ခေါင်း-အုတ်တွင်း အစပ်ရှိ ဘော်ဒါ အထိုင်စခန်းသို့ ရိက္ခာပို့ဆောင်ခဲ့ပြီး ပြန်လာစဉ် လယ်တီကျေးရွာကို လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် ပစ်ခတ်သော ကျည်ထိမှန်၍ လယ်တီကျေးရွာအတွင်း နေထိုင်သော ကပစ ၁၉ တွင် တာဝန်ထမ်းဆောင်နေသော စစ်သား ၁ ဦး၏ ဖခင်ဖြစ်သူ အသက် ၆၄ နှစ်အရွယ် ဦးရွှေမန်း ရင်ဘတ်တွင် ကျည်ထိမှန်ကာ ပေါက်ခေါင်းမြို့ ဆေးရုံသို့ ပို့ဆောင်စဉ် ယင်းနေ့ညပိုင်း၌ ဆေးရုံတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ပေါက်ခေါင်းမြို့နယ် ချင်းလည်ဂိတ်ကနေ ပေါက်ခေါင်း-အုတ်တွင်းအစပ် ဘော်ဒါအထိုင်စခန်းကို အမြန်လမ်းအတိုင်း ရိက္ခာလာပို့တဲ့ စစ်ခွေး စစ်ကြောင်းက ရိက္ခာပို့အပြီးအပြန်မှာ လယ်တီကျေးရွာကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်သွားတာ စစ်ခွေးတွေ ပစ်လို့ ကျည်ထိမှန်တာက ကပစ ၁၉ က စစ်ခွေး ၁ ကောင်ရဲ့ အဖေဖြစ်သူ ဦးရွှေမန်း ထိသွားတာ ဦးရွှေမန်းကို ပေါက်ခေါင်းဆေးရုံကို ပို့ဆောင်ကုသနေတုန်း ဆေးရုံမှာပဲ သေဆုံးသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ အရှေ့ဘက်ခြမ်းရှိ စစ်ရှောင်စခန်း တစ်နေရာကို အကြမ်းဖက် စစ်တပ် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် တိုက်ခိုက်ရာ အသက် ၃ နှစ်အရွယ်နှင့် ၅ နှစ်အရွယ် ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Jobs For Kayah မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် လွိုင်ကော်မြို့ အရှေ့ဘက်ခြမ်းရှိ စစ်ရှောင်စခန်း တစ်နေရာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုအတွင်း အသက် ၃ နှစ်အရွယ် ကလေးငယ် ၁ ဦးနှင့် အသက် ၅ နှစ်အရွယ် ကလေးငယ် ၁ ဦးတို့ ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဒရုန်းနဲ့ ဗုံးကျဲသွားတာပါ။ ထိခိုက်ဒဏ်ရာရတဲ့ ကလေးငယ် ၂ ဦးက အသက် ၃နှစ်အရွယ်နဲ့ အသက် ၅ နှစ်အရွယ် ကလေး ၂ ဦးပါ။ တခြား ပျက်စီးသွားတာ မရှိပါဘူး” ဟု Jobs For Kayah မှ တာဝန်ရှိသူက ပြောဆိုသည်။





