ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်တွင် ကင်းပုန်းဝပ်ရန် ထွက်လာသော ပျူစောထီးများကို တိုက်ခိုက်ရာ ၁ ဦးသေဆုံးပြီး ဓား ၁ ချောင်းသိမ်းဆည်းရရှိခဲ့ကြောင်း ကံမမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် မွန်းလွဲ ၂ နာရီ ၃၅ မိနစ်ခန့်တွင် မင်းတုန်းမြို့နယ် ရဲစခန်းမှူး နေရာကို ပြောင်းရွေ့လာသည့် ရဲစခန်းမှူးအသစ် လိုက်ပါလာသော ယာဉ်တန်းကို လုံခြုံရေးပေးရန် ထွက်လာသည့် ပျူစောထီးခေါင်ဆောင် ဖိုးပြားအဖွဲ့ကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း ပျူစောထီး ၁ ဦးသေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဓား ၁ ချောင်း သိမ်းဆည်းနိုင်ခဲ့ကြောင်း၊ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် သေဆုံးသွားသော ပျူစောထီး အလောင်းကို စစ်တပ်က လာရောက် ကောက်ယူခဲ့ပြီး ၄၀ မမ ဗုံးများဖြင့်လည်း ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေး ထပ်တိုးသေဆုံးတာတော့ မရှိပါဘူး။ ရဲစခန်းမှူး အသစ်နေရာကို ဆက်ဆံမယ့်ကောင် လိုက်ပါလာတဲ့ ယာဉ်တန်းကို လုံခြုံရေးပေးဖို့ ထွက်လာတဲ့ ပျူစောထီးတွေကို ကြားဖြတ် တိုက်ခိုက်ခဲ့တာပါ။ ပျူစောထီး ၁ ကောင်သေပြီး ဓား ၁ ချောင်းသိမ်းဆည်းရရှိတယ်” ဟု ကံမမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ကံမမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မကွေးတိုင်း၊ ချောက်မြို့နယ်၊ စလေမြို့အခြေစိုက် ခမရ ၄၁၆ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၂ ဦးသည် သေနတ် ၂ လက်ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး အဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ချောက်မြို့နယ်၊ စလေမြို့အခြေစိုက် ခလရ ၄၁၆ တပ်ရင်းမှ စစ်မှုထမ်း အပတ်စဉ် ၁၇ သင်တန်းဆင်း တပ်သားသစ် ၂ ဦးသည် သေနတ် ၂ လက်ယူဆောင်လာပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (အထူးလှုပ်ရှားတပ်မ)ထံ အလင်းဝင်ရောက်ခဲ့ကြောင်း၊ ထိုသို့ အလင်းဝင်ရောက်လာသော စစ်မှုထမ်း တပ်သားသစ် ၂ ဦးကို နွေးထွေးစွာ ကြိုဆို လက်ခံခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ ဘေးကင်းလုံခြုံရာသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရှိရသည်။





