25 C
Yangon

မောက်မယ်မြို့နယ် ပွန်းချောင်းဒေသ တိုက်ပွဲတွင် စစ်တပ်က ကလေးစစ်သားများကို မူးယစ်ဆေးဝါးကျွေး၍ ရှေ့ဆုံးမှ တိုက်ခိုက်ခိုင်းခြင်းကြောင့် ထိခိုက်သေဆုံးသူများပြားဟု PNLA ပြောဆို

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မောက်မယ်မြို့နယ်၊ ပွန်ချောင်းဒေသ တိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်က ကလေးစစ်သားများကို မူးယစ်ဆေးဝါးကျွေး၍ ရှေ့ဆုံးမှ တိုက်ခိုက်ခိုင်းခြင်းကြောင့် ကလေးစစ်သားများ အပါအဝင် PNO စစ်သား ၂၀၀ ကျော်သေဆုံးခဲ့ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ခွန်းရိန်းယံက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့က စတင်ပြီး ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ထိ မောက်မယ်မြို့၊ ဗန်းမတ်ဒေသ၊ ပွန်ချောင်းဘက်သို့ အင်အားအလုံးအရင်းဖြင့် ချီတက်လာသော အကြမ်းဖက် စစ်အုပ်စု လက်အောက်ခံ PNO ပြည်သူ့စစ်များကို PNLA တပ်ဖွဲ့က ခုခံတိုက်ခိုက်ခဲ့ရာ ယနေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း၊ ယင်းတိုက်ပွဲများအတွင်း PNO ပြည်သူ့စစ်များက အသက်မပြည့်သေးသည့် ကလေးစစ်သားများကို မူးယစ်ဆေးဝါးကျွေး၍ ရှေ့ဆုံးမှ တက်ခိုင်းနေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် မျက်မြင်တွေ့ရှိသည့် PNO စစ်သား ရုပ်အလောင်း ၁၀၀ ကျော်ရှိပြီး ကျန်သေဆုံးရုပ် အလောင်း ၁၀၀ ကျော်နှင့် ဒဏ်ရာရစစ်သားများကို ပြည်သူများ မမြင်စေရန် စစ်တပ်က မှန်လုံကားများဖြင့် သယ်ဆောင်ကာ အောင်ပန်းစစ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း၊ ထို့ပြင် သယ်ဆောင်နိုင်ခြင်းမရှိသည့် စစ်သား အလောင်းတချို့ကို ပွန်ချောင်းအတွင်း မျောထားခဲ့ကြောင်း သိရှိရသည်။

“ပွန်ချောင်းတဝိုက်မှာ တိုက်ပွဲဖြစ်နေတာကတော့ လနဲ့ချီပါပြီ။ ဒါပေမယ့် ပြီးခဲ့တဲ့ ၃ ရက်လောက်ကနေစပြီး ဒီနေ့အထိတော့ တော်တော်ကြီးကို တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တာပေါ့။ ကလေးစစ်သားတွေရော၊ မူးယစ် ဆေးဝါးသုံးစွဲပြီးတော့ တက်လာတဲ့ပုံစံပေါ့။ ဒီအတိုင်းပဲ တက်လာကြတော့ ကျသွားတာ ကျနော်တို့ က ခံစစ်လုပ်ရတဲ့အနေအထားဖြစ်တော့ မှတ်တမ်းတွေယူဖို့တော့ခက်တယ်။ ဒါပေမယ့် မျက်မြင်အရ သေတာက ၁၀၀ ကျော်သေတယ်။ နောက်မှ အတွင်း သတင်းပြန်ရတာက ၂၀၀ လောက်သေတယ်။ ပြီးတော့ အောင်ပန်းစစ်ဆေးရုံမှာလည်း ဒဏ်ရာရတာ ၄၀ ကျော်လောက်တင်ထားရတယ်လို့ သတင်းရတယ်။ ပြန်မသယ်နိုင်တဲ့ ရုပ်အလောင်းတွေကိုတော့ ပွန်ချောင်းထဲမှာ မျောတယ်။ ပွန်ချောင်းဘေးမှာရှိတဲ့ ရွာတွေကတော့ ဆယ်ယူကြည့်တယ်။ ကြည့်တော့ PNO ပြည့်စစ်ဘက်တံဆိပ်လည်းတွေ့တယ်။ အလောင်းတွေ တွေ့ရှိမှုကတော့ ၇ ယောက်၊ ၈ ယောက်လောက်တွေ့တယ်လို့ ပြောတယ်။ အလောင်း ၁၀၀ ကျော်ကတော့ မှန်လုံကားအကြီးတွေနဲ့ သယ်ပြန်သွားတာ အဓိကကတော့ ပြည်သူတွေ မမြင်အောင်ပေါ့။ မှန်လုံကားအကြီးတွေနဲ့ သယ်သွားတယ်လို့တော့ သတင်းရရှိပါတယ်” ဟု PNLA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ခွန်းရိန်းယံက ပြောဆိုသည်။

တိုက်ပွဲ အတွင်းအထိနာသော PNO ပြည်သူ့စစ်များက ပွန်ချောင်းအနီးရှိ ကျေးရွာများကို လက်နက်ကြီးများ၊ အသေခံ ဒရုန်းများဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်နေသည့်အပြင် ၎င်းတို့ဝင်ရောက်နိုင်သည့် ကျေးရွာများမှ နေအိမ် ၁၆ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“တချို့နေရာတွေမှာ ကျနော်တို့ ပြန်ဆုတ်လိုက်ရတာရှိတော့ တစ်ချို့ရွာတွေထဲကိုရောက်တာရှိတယ်။ ပွန်ချောင်းဘေးမှာရှိတဲ့ စစ်ဘေးရှောင်ရွာပေါ့၊ ရွာသစ်ပေါ့၊ အဲဒီရွာကိုတော့ အိမ်ခြေ ၁၆ အိမ် တော့ အကုန်လုံးမီးရှို့သွားတယ်လို့ သတင်းရတယ်။” ဟု PNLA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ခွန်းရိန်းယံက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article