33 C
Yangon

ဖလမ်းမြို့နယ်တွင် စစ်သုံ့ပန်း ၂ ဦးနှင့်အတူ လက်နက်ခဲယမ်းများ ထပ်မံသိမ်းဆည်းရမိ၊ စစ်သား ၆ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

Must read

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၅

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် Khuangli ကျေးရွာအနီးအနား စစ်သုံ့ပန်း ၂ ဦးနှင့်အတူ လက်နက်ခဲယမ်းများ ထပ်မံသိမ်းဆည်းရမိကြောင်း ချင်းတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ တပ်စွဲထားသည့် စစ်အုပ်စုထံမှ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို ချင်းတော်လှန်ရေးတပ်ဖွဲ့များက ထပ်မံ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ပြီး စစ်သုံ့ပန်း ၂ ဦးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း၊ လက်ရှိတွင် စစ်တပ်တပ်စွဲထားသော နေရာများသို့ နယ်မြေရှင်းလင်း လုပ်ဆောင်ရာတွင် လက်နက်ခဲယမ်းများ ဆက်တိုက် သိမ်းဆည်းရရှိနေခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် ဖလမ်းမြို့နယ်အတွင်း တပ်စွဲနေသည့် စစ်တပ်ဘက်မှ စစ်သး ၆ ဦးသည် CNO/CNDF (Chin National Organization/Chin National Defense Force) ထံသို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာကြောင်း CNDF သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ဖလမ်းမြို့နယ်အနီး တပ်စွဲထားသည့် စစ်သား ၂ ဦးသည် ပထမအကြိမ် လာရောက် အလင်းဝင်ပူးပေါင်းခဲ့ပြီး နေ့လယ်ပိုင်းတွင် စစ်သား ၄ ဦး ထပ်မံပူးပေါင်းလာသဖြင့် စုစုပေါင်း စစ်သား ၆ ဦး အလင်းဝင်လာကြောင်း၊ ၎င်းတို့နှင့်အတူ လက်နက်များနှင့် လက်ဗုံး ၄ လုံးကိုလည်း ယူဆောင်လာခဲ့ကြောင်း သိရသည်။

CNDF သတင်းရင်းမြစ်၏ အဆိုအရ အလင်းဝင် လာရောက်ပူးပေါင်းလာသည့် စစ်သား ၆ ဦးမှာ စစ်ရေးဖိအားများနှင့် စိတ်ဓာတ်ကျဆင်းမှုများကြောင့် တော်လှန်ရေးတပ်များထံသို့ အလင်းဝင်ဘက် ပြောင်းလဲလာခြင်းဖြစ်ကြောင်း ဆိုသည်။

ဖလမ်းမြို့ကို ထိန်းချုပ်ထားသည့် ချင်းတပ်ဖွဲ့များ၏ စစ်ရေးဖိအားများကြောင့် စစ်တပ်မှာ ဖရိုဖရဲဖြစ်နေပြီး ဖလမ်းမြို့နယ်၊ Khuangli နှင့် Sumhrang ကျေးရွာများတွင် တပ်စွဲနေကြောင်း သိရသည်။

ချင်းတပ်ဖွဲ့များ၏ ဆက်လက်တိုက်ခိုက်မှုများကြောင့် စစ်တပ်ဘက်တွင် သေဆုံးသူနှင့် ဒဏ်ရာရရှိသူများ တိုးလာနေကြောင်း၊ စစ်တပ်က ကလေးမြို့ဘက်မှ စစ်ကူများ ထပ်မံခေါ်ယူထားကြောင်း သိရှိရသည်။

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် ဒီဇင်ဘာလနှင့် ဇန်နဝါရီလ တိုက်ပွဲကာလ ၂ လတာအတွင်း စစ်တပ်ဘက်မှ ဗိုလ်မှူးအဆင့်အထိ အရာရှိ ၉ ဦးအပါအဝင် စစ်သား ၂၀၀ ခန့်သေဆုံးပြီး စစ်သုံ့ပန်းများ၊ လက် နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article