24 C
Yangon

တီးတိန်မြို့နယ် ဇန်ဇောလ်ကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၂ ဦးဒဏ်ရာရပြီး နေအိမ်နှင့် မော်တော်ယာဉ်များ ပျက်စီး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်းရှိ ဇန်ဇောလ် (Zangzawl) ကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှတစ်ဆင့် ဂျက်ဖိုက်တာဖြင့် အကြောင်းမဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်နှင့် မော်တော်ယာဉ်များ ပြင်းထန်စွာ ပျက်စီးသွားကြောင်း ချင်းတော်လှန်ရေး သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ည ၈ နာရီအချိန်ခန့် မန္တလေးတိုင်း၊ တံတားဦးလေတပ်စခန်းမှ တက်လာသော စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ်တစ်စီးက ဇန်ဇောလ်ကျေးရွာအတွင်းသို့ နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှု အရှိန်ကြောင့် ကျေးရွာအတွင်းရှိ လူနေအိမ်များ ပျက်စီးသွားသည့်အပြင် လမ်းမပေါ်တွင် ရပ်ထားသော ကားတစ်စီးမှာလည်း ထိမှန် ပျက်စီးသွားကြောင်း သိရှိရသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် ကျေးရွာသား ၂ ဦးမှာ လက်ရှိတွင် ဆေးကုသမှု ခံယူနေသော်လည်း အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိရှိရသည်။

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသပြည်သူများမှာ ညအချိန် ထွက်ပြေး တိမ်းရှောင်ရပြီး စိုးရိမ်ထိတ်လန့်နေရကြောင်း သိရှိရသည်။

ဇန်ဇောလ်ကျေးရွာသည် တီးတိန်မြို့နယ်၊ မူလ်ဘန်း (Mualbem) ကျေးရွာအုပ်စုအတွင်း တည်ရှိပြီး ဖလမ်းမြို့နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ကျေးရွာတစ်ရွာ ဖြစ်သည်။

အဆိုပါ ကျေးရွာသည် ယခင်ကလည်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကို ကြုံတွေ့ခဲ့ရဖူးပြီး ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့သော လေကြောင်းတိုက်ခိုက်မှုတွင်လည်း ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ဖူးသည်။

ဓာတ်ပုံ- Zoland Voice TV ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article