ရန်ကုန်၊ ဇူလိုင် ၁၄
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်နှင့် ဒီပဲယင်းမြို့နယ်အစပ်ရှိ ညောင်လှကျေးရွာ၊ မရန်ကန်ကျေးရွာ၊ ယဉ်ကျေးနှင့်နမား ကျေးရွာအပါအဝင် ကျေးရွာများကို အကြမ်း ဖက်စစ်တပ်က တိုက်ခိုက်ရေးစစ်ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက် ခိုက် နေသဖြင့် ပြည်သူထောင်ချီ ထွက်ပြေးနေရေကြောင်း ဒေသခံများက ပြောသည်။
ဇူလိုင်လ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ ကျော်အချိန်မှစတင်ပြီး အကြမ်းဖက်စစ်တပ်က Mi35 တိုက်ခိုက်ရေး ရဟတ်ယာဉ် ၅ စီးဖြင့ ကျေးရွာများကို ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ဒေသထောင်ချီ၍ အသက်လု ထွက်ပြေးနေရကြောင်း သိရှိရသည်။
“အခုလည်းပစ်နေတယ်။ စစ်ရှောင်တွေ နေထိုင်နေတဲ့တောတောင်တွေထဲအထိ ရဟတ်ယာဉ်တွေနဲ့ လိုက်ပစ်နေတယ်ဗျ။ ဒီပဲယင်းမြို့နယ်နဲ ခင်ဦးမြို့နယ် နှစ်ခုကြားက ကျေးရွာတွေ အကုန်၊ ဒေသခံတွေ အကုန်ထွက်ပြေးနေရတယ်” ဟု ညောင်လှကျေးရွာမှ ပြည်သူတစ်ဦးက ပြောဆိုသည်။
စစ်ရဟတ်ယာဉ် ၅ စီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ရှိနိုင်ပြီး အသေးစိတ်အအခြေအနေ နှင့် အချက်အလက်များကို မသိရှိရသေးဟု ဒေသခံများက ဆိုကြသည်။
ဇူလိုင်လ ၁၄ ရက်နေ့ နံနက် ၄ နာရီအချိန် ရေဦးမြို့မှ ထွက်လာသော စစ် ကြောင်းကို ရေဦး-ခင်ဦးလမ်းပိုင်းတွင် ဒေသပြည်သူကာကွယ်ရေးအဖွဲ့ပေါင်းစုံနှင့် ခင်ဦး ပကဖ တို့က နေရာ ၃ နေရာတွင် မိုင်းဆွဲတိုက်ခိုက်ကြောင်း၊ အင်းပတ် ကျေးရွားအနီး မိုင်းဆွဲမှုတွင် စစ်ကောင်စီတပ်သား ၈ ဦးထက်မနည်း ယနေ့ သေဆုံးသွားကြောင်း သိရှိရသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်၏ တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီး၏ ပစ်ခတ်မှုမြင်ကွင်း။ (ပုံအဟောင်းဖြစ်သည်)