ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုရှိ ကုဋေမှော်တွင် မြေစာပုံပြိုကျမှုကြောင့် သေဆုံးသူ အရေအတွက်များပြားနိုင်ကြောင်း ဖားကန့်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြော ကြားသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၁၆ ရက် ည ၉ နာရီ ၃၀ မိနစ်ခန့်က ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု ရှိ အဲဗားကုမ္ပဏီ၏ မြေစာပုံပြိုကျခဲ့ရာ ရေမဆေးကျောက်ရှာဖွေသူ ဆယ်ချီသေဆုံးခဲ့ပြီး ပြိုကျသည့် မြေပမာဏမှာလည်း အလွန်များပြားသောကြောင့် လူမှုကူညီရေး အသင်းများအနေဖြင့် ရှာဖွေကယ် လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ခက်ခဲလျက်ရှိကြောင်း သိရသည်။
“ပြိုတဲ့အချိန်မှာ လူပေါင်း ၂၀ လောက်ပါတယ်။ ၂၀ လောက်မှာ ၁၀ ယောက်လောက်က ရေတွေ၊ ဘာတွေကူးပြီးတော့ ပြန်တက်ခဲ့တယ်။ ကျန်တဲ့ ၁၀ ယောက်လောက်ကတော့ မတွေ့ရဘူးပေါ့၊ ၂၀ လောက်ပါတယ်လို့လည်း ပြောနေကြတယ်။ မျက်မြင်တွေ့တဲ့ဟာကတွေကလည်း ပြန်တက်လာတဲ့ သူတွေနဲ့ဆိုတော့ ၇ ယောက် ၈ ယောက်လောက်ပဲရှိမယ်လို့ အဲဒီလိုပြောနေကြတာတွေလည်းရှိ တယ်။ အမျိုးမျိုးပြောနေကြတော့ ဘယ်ဟာအတည်ယူရမယ်မသိဘူးဖြစ်နေတယ်။” ဟု ဖားကန့် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ဖားကန့်မြို့နယ်တွင် မြေစာပုံပြိုကျမှုကြောင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ ၅၅ ကြိမ်ခန့် ပြိုကျခဲ့ပြီး လူဦးရေ ၆၀၀ နီးပါး သေဆုံးခဲ့ပြီဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်၊ ၆ ကြိမ် ပြိုကျခဲ့ရာ လူဦးရေ ၁၆၀ ကျော်၊ ၂၀၂၂ ခုနှစ်တွင် ၁၂ ကြိမ် ပြိုကျခဲ့ရာ လူဦးရေ ၈၅ ဦး ၊ ၂၀၂၃ ခုနှစ်တွင် ၉ ကြိမ်ပြိုကျခဲ့ရာ လူဦးရေ ၁၂၅ ဦး၊ ၂၀၂၄ ခုနှစ်တွင် ၁၅ ကြိမ်ပြိုကျခဲ့ရာ လူဦးရေ ၁၁၀ ကျော်၊ ၂၀၂၅ ခုနှစ်တွင် ၁၀ ကြိမ်ပြိုကျခဲ့ ရာ လူဦရေး ၉၀ ကျော်နှင့် ၂၀၂၆ ခုနှစ်တွင် ၃ ကြိမ်ပြိုကျခဲ့ပြီးဖြစ်ရာ လူဦးရေ ၂၅ ဦး စုစုပေါင်း ၅၉၅ ဦး သေဆုံးခဲ့ပြီးဖြစ်ကြောင်း လူမှုကူညီရေးအဖွဲ့အစည်းများထံမှ သိရသည်။






