26 C
Yangon

တောင်သာတွင် စစ်တပ်က ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး ဆက်လက် စစ်ကြောင်းထိုးနေ၍ ရွာလုံးကျွတ် တိမ်းရှောင်နေရ၊ မိုးကုတ်မြို့အနီး ကျေးရွာများကိုလည်း စစ်တပ် စစ်ကြောင်းထိုးနေ၍ တိုက်ပွဲဖြစ်ပွား

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် စစ်တပ်က ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး ဆက်လက် စစ်ကြောင်းထိုးနေ၍ ရွာလုံးကျွတ် တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် အောင်သာကျေးရွာသို့ရောက်ရှိနေသော အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စစ်ကြောင်းထိုးရာ လမ်းတစ်လျောက်ရှိ ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး မကျီးရိုးရွာကို ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ထိုသို့ စစ်တပ် စစ်ကြောင်းတိုးလာ၍ ကျေးရွာနေပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ထိုစစ်ကြောင်းသည် မကျီးရိုးရွာမှ တဆင့် နဘဲကန်ရွာကို ဆက်လက် ဝင်ရောက်နေပြီး မြို့ပေါ် ပြန်လည် ဝင်ရောက်နိုင်ကြောင်း၊ သို့သော် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်ထိ နဘဲကန်ရွာထဲ၌သာ ရှိသေးပြီး မည်သည့်နေရာကို ဆက်လက် ထွက်ခွာမည်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

“ဒီနေ့ နံနက်ပိုင်းမှာ စစ်ခွေး စစ်ကြောင်းက မကျီးရိုးကနေ ရှေ့တက်လာနေတယ်လို့ ကြားတယ်။ စစ်ခွေးတွေက သူတို့ စစ်ကြောင်းလှုပ်တော့မယ်ဆိုရင် ပြည်သူတွေကို ဖမ်းဆီးတာက လုပ်ရိုးလုပ်စဉ်လို ဖြစ်နေတယ်။ အခုဘယ်နှဦး ဖမ်းဆီးခံထားရလဲတော့ မသိရသေးဘူး။ ခွေးစစ်ကြောင်းက မကျီးရိုးကနေ နဘဲကန်ကိုရောက်နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က ပဲခင်းကျော်ကျေးရွာ၌ တပ်စွဲပြီး ကျေးရွာအတွင်းရှိ မူလတန်းကျောင်းနှင့် ဘုန်းကြီးကျောင်း အပါအဝင် ပြည်သူပိုင် နေအိမ် ၅၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အလားတူ မန္တလေးတိုင်း၊ မိုးကုတ်မြို့အနီး ကျေးရွာများကို အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုးနေ၍ တိုက်ပွဲများဖြစ်ပွားနေပြီး စစ်တပ်က ပြည်သူပိုင် ပစ္စည်းများကိုလည်းလုယက်ခိုးယူနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ချောင်းကြီးရွာဘက် တက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များ ကသဲရွာနှင့် ရေဦးကြီးရွာ လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားရာ နေရာကို လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကလည်း စေတလုံးတောင်ပေါ်၌ တပ်ဆွဲထားသော အကြမ်းဖက် စစ်တပ်သည် ရေပူရွာထဲကို ဝင်ရောက်စီးနင်းပြီး ကျေးရွာအတွင်းရှိ ပြည်သူပိုင်ဆိုင်များမှ အရက်၊ ကွမ်း ၊ ဆေးလိပ်နှင့် စားသောက်ကုန် ပစ္စည်းများကို ငွေကြေးပေးဆောင်ခြင်းမရှိဘဲ လုယက်ယူဆောင်သွားသောကြောင့် ပြည်သူများ ဈေးဆိုင်များပိတ်၍ တိမ်းရှောင်နေရကြောင်း၊ ယင်းနေ့ ညပိုင်းတွင်လည်း မိုးကုတ်မြို့ ပိတ်စွယ် ရပ်ကွက်ဘက်၌ ပစ်ခတ်သံများ၊ ပေါက်ကွဲသံများ ထွက်ပေါ်ခဲ့ပြီး မြို့အစွန်းရပ်ကွက်များမှလည်း လက်နက်သံများ ကြားနေရကြောင်း သိရသည်။

“မိုးကုတ်မြို့အနီးမှာ တိုက်ပွဲကတော့ နေ့တိုင်းနီးပါးကို ဖြစ်နေတယ်။ စစ်ခွေးစစ်ကြောင်းတွေလည်း မြို့အနီးက ရွာတွေကို ထိုးနေတာတွေရှိတယ်။ မနေ့ကညပိုင်းက ပိတ်စွယ်ဘက်မှာ လက်နက်သံတွေ ကြားနေရတယ်။ တိုက်ပွဲဖြစ်တာလား ဒရုန်းနဲ့ လာတိုက်တာလားတော့မသိဘူး။ မြို့ထဲကနေတော့ ပစ်ခတ်သံတွေ မကြားရပေမယ့် မြို့အစွန်နဲ့ နီးတဲ့ နေရာတွေကတော့ ကြားရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – စစ်ကိုင်းအတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ် စစ်ကြောင်း ဝင်ရောက်လာ၍ ထွက်ပြေးတိမ်းရှောင်နေရ‌သော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article