26 C
Yangon

စစ်တပ် ရွေးကောက်ပွဲ ပြီးစီးသွားသော်လည်း မြန်မာနိုင်ငံမှာ ဘက်ပေါင်းစုံ ပျက်စီးမှုများစွာဖြင့် ကျရှုံးနိုင်ငံအဖြစ်မှ မျှော်လင့်ချက်မဲ့ နိုင်ငံဆီသို့ ဦးတည်နေ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲ ပြီးစီးသွားပြီဖြစ်သော်လည်း အဘက်ဘက်မှ ယိုယွင်းပျက်စီးမှုများစွာဖြင့် မြန်မာနိုင်ငံမှာ ကျရှုံးနိုင်ငံအဆင့်ထက် ကျော်လွန်၍ နာလန်ထူရန် လမ်းစပျောက်နေသည့် မျှော်လင့်ချက်မဲ့ နိုင်ငံတစ်ခု ဖြစ်လာနေကြောင်း နိုင်ငံတကာ​ရေးရာများကို လေ့လာသုံးသပ်မှုများ အစဉ်တစိုက် ရေးသားနေသည့် East Asia Forum က ဖော်ပြသည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှ စတင်ခဲ့သည့် အပိုင်း ၃ ပါ စစ်တပ်၏ ရွေးကောက်ပွဲများသည် စစ်တပ်ကျောထောက်ခံနောက်ခံပေးထားသည့် ပါတီက အနိုင်ရရှိသော ရလဒ်ကို မျှော်မှန်းထားသည့်အတိုင်း ထွက်ပေါ်စေခဲ့ပြီး ပြည်တွင်းစစ်သည်လည်း အဆုံးသတ်မည့် လက္ခဏာ မပြသသေးပေ။

တော်လှန်ရေးဘက်မှ စစ်တပ်ကို လက်လျော့ခိုင်းနိုင်မည်ဆိုသော မျှော်လင့်ချက်များ ပျောက်ကွယ်သွားခဲ့ပြီး တရုတ်နိုင်ငံ၏ ဖိအားကြောင့် မြန်မာမြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EROs) အချို့မှာ အပစ်ရပ်မှုများဖြင့် စစ်တပ်က နယ်မြေတချို့ ပြန်လည်ရယူနိုင်ခဲ့သည်။ တစ်ချိန်တည်းတွင် ရခိုင်ပြည်နယ်၌ အာရက္ခတပ်တော် (AA) သည် နယ်မြေတိုးချဲ့နိုင်နေဆဲဖြစ်သည်။

မြန်မာနိုင်ငံ၏ စီးပွားရေးဆိုင်ရာ အခြေအနေများ ဆက်လက်ကျဆင်းခဲ့ပြီး အများပြည်သူဝန်ဆောင်မှုများ ပိုမိုယိုယွင်းလာကာ လူသားချင်းစာနာမှုလိုအပ်ချက်များ တိုးမြင့်လာခဲ့သည်။ တရုတ်နိုင်ငံက စစ်အစိုးရကို ထောက်ခံနေခြင်းနှင့် အာဆီယံ (ASEAN) အဖွဲ့၏ ပြည်တွင်းရေး ကိစ္စ ဝင်ရောက် မစွပ်ဖက်ရေး မူဝါဒနှင့် အကြောင်းအရာအားလုံးကို သဘောတူညီချက်ဖြင့်သာ ဆုံးဖြတ်ရသည့် စနစ်တို့ကြောင့် မြန်မာနိုင်ငံအတွက် ပဋိပက္ခမှ လွတ်မြောက်နိုင်မည့် လက်တွေ့ကျသည့် လမ်းကြောင်း မရှိတော့သကဲ့သို့ ဖြစ်နေသည်။

မြန်မာနိုင်ငံသည် “ကျရှုံးနိုင်ငံ” အဖြစ်သာ မကတော့ဘဲ ပြန်လည်ထူထောင်နိုင်သော မျှော်လင့်ချက် မရှိသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ပြောင်းလဲလာနေသည်။ ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံသည် မျိုးဆက်တစ်ဆက် သို့မဟုတ် နှစ်ဆက်အတွင်း ငြိမ်းချမ်း၊ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံအဖြစ် ပြန်လည်ပေါ် ထွန်းလာနိုင်မည်ဟု ယုံကြည်စရာ အထောက်အထား မရှိခဲ့သည်က အသေအချာဖြစ်သည်။

စစ်တပ်၏ ရွေးကောက်ပွဲကြောင့် ငြိမ်းချမ်းရေးနှင့် စီးပွားရေးတိုးတက်မှုကာလသစ်တစ်ခုကို ဖွင့်လှစ်ပေးနိုင်မည်ဟု အချို့က မျှော်လင့်ခဲ့ကြသည်။ ထိုမျှော်လင့်ချက်သည် အထူးသဖြင့် စစ်အာဏာရှင်အုပ်ချုပ်သူများအတွင်း အားကောင်းခဲ့သည်။ သို့သော် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိချိန်မှ စတင်ခဲ့သည့် ပြည်တွင်းစစ်သည် ယနေ့ထိ အဆုံးသတ်လက္ခဏာ မပြသသေးပါ။

၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် ပြီးဆုံးခဲ့သည့် ရွေးကောက်ပွဲသည် စစ်တပ်က ဖန်တီးထားပြီး မဲဆွယ်ကာလအတွင်း အလွန်အမင်း အသာ ပေးခံခဲ့ရသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အတွက် အပြတ်အသတ် အနိုင်ရရှိသော ရလဒ်ကို ထွက်ပေါ်စေခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်အတွက် သတ်မှတ်ထားသည့် လွှတ်တော်အမတ် ၂၅ ရာ ခိုင်နှုန်းနှင့် ပေါင်းစပ်လျှင် စစ်တပ်သည် မိမိအာဏာကို တိုးမြှင့်နိုင်သည့် ဥပဒေသစ်များကို မည်သည့်အချိန်မဆို ပြဋ္ဌာန်းနိုင်သည့် အခြေအနေ ရရှိထားသည်။

၂၀၂၅ ခုနှစ်အကုန်ပိုင်းတွင် အကြီးဆုံး နိုင်ငံရေးမေးခွန်းမှာ စစ်တပ်အကြီးအကဲနှင့် စစ်အစိုးရခေါင်းဆောင် မင်းအောင်လှိုင်သည် အစိုးရအသစ်တွင် မည်သည့် အခန်းကဏ္ဍ ရယူမည်နည်း ဆိုသည့်အချက်ဖြစ်သည်။ သမ္မတဖြစ်နိုင်ခြေ၊ သမ္မတအထက် အခန်းကဏ္ဍသစ် ဖန်တီးယူနိုင်ခြေ (၂၀၁၅ ခုနှစ်တွင် NLD အနိုင်ရပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အတွက် ဖန်တီးခဲ့သည့် အနေအထားကဲ့သို့) သို့မဟုတ် စစ်တပ်အကြီးအကဲအဖြစ် ဆက်လက်နေခြင်းတို့ ဖြစ်နိုင်သည်။

တော်လှန်ရေးဘက်တွင်တော့ ၂၀၂၃–၂၀၂၄ ခုနှစ်အောင်မြင်မှုများကို အခြေခံကာ ၂၀၂၅ အကုန်တွင် စစ်တပ်ကို အနိုင်ရရှိမည်ဟု မျှော်လင့်ခဲ့ကြသည်။ သို့သော် တရုတ်နိုင်ငံ၏ ဖိအားကြောင့် မြောက်ပိုင်းရှိ အဓိက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အားနည်းသွားရာမှ စစ်တပ်သည် လက်လွတ်ခဲ့သည့် နယ်မြေအချို့ကို ပြန်လည်ရယူနိုင်ခဲ့သည်။

၂၀၂၅ ခုနှစ်အတွင်း အဓိက နယ်မြေတိုးချဲ့နိုင်ခဲ့သည့် တော်လှန်ရေးအဖွဲ့မှာ အာရက္ခတပ်တော် (AA) ဖြစ်သည်။ နှစ်ကုန်တွင် ရခိုင်ပြည်နယ်အများစုကို လွတ်လပ်စွာ လှုပ်ရှားနိုင်ခဲ့ပြီး စစ်တွေမြို့နှင့် တရုတ်ရေနံ၊ ဓာတ်ငွေ့ပိုက်လိုင်းအဆုံးမှတ် ကျောက်ဖြူမြို့တို့ကိုသာ မထိန်းချုပ်နိုင်သေးသည့် အခြေအနေတွင်ရှိနေသည်။ ထိုကာလအတွင်း ရိုဟင်ဂျာမွတ်စလင် လူနည်းစု၏ အခြေအနေ ပိုမိုဆိုးရွားလာခဲ့သည်။

၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် တော်လှန်ရေးအဖွဲ့ ၁၉ ဖွဲ့ပေါင်းစည်းကာ “Spring Revolution Alliance” ဖွဲ့စည်းခြင်းသည် စည်းရုံးရေးအရ တိုးတက်မှုတစ်ရပ် ဖြစ်နိုငသည်။ သို့သော် ယင်းအဖွဲ့၏ မဟာဗျူဟာမှာ အောက်ခြေမှ အပေါ်သို့ ထိန်းချုပ်မှု တည်ဆောက်ခြင်းဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားညီညွတ်ရေး အစိုးရ-NUG ၏ ချဉ်းကပ်ပုံနှင့် မူဝါဒကွဲပြားနေသည်။

မြန်မာနိုင်ငံတွင် စစ်ပွဲများ၊ စစ်တပ်၏ မအောင်မြင်သည့် မူဝါဒများနှင့် အနောက်နိုင်ငံများ၏ ဒဏ်ခတ်အရေးယူမှုများကြောင့် စီးပွားရေး ဆက်လက်ပျက်စီးခဲ့သည်။ ရန်ကုန်တွင် ပုံမှန်အခြေအနေ တချို့ ထိန်းသိမ်းနိုင်သော်လည်း လူအများစုသည် အသက်ရှင်ရေးအတွက် ရုန်းကန်နေရသည်။

၂၀၂၅ ခုနှစ် မတ်လ ငလျင်ကြောင့် နေပြည်တော်အပါအဝင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး ပြန်လည်ပြုပြင်ရန် နှစ်ပေါင်းများစွာ ကြာမြင့်မည်ဖြစ်သည်။ ထိန်းချုပ်မှုမရှိသည့် သတ္တုတူးဖော်မှုများကြောင့် ပတ်ဝန်းကျင်ပျက်စီးမှုလည်း ဆိုးရွားလာခဲ့သည်။

သုံးသပ်သူ Richard Horsey ၏ အဆိုအရ လူဦးရေ ၂၀ သန်းကျော် (တစ်နိုင်ငံလုံး၏ သုံးပုံတစ်ပုံကျော်) သည် လူသားချင်းစာနာမှုအကူအညီ လိုအပ်နေပြီး ၃ ဒသမ ၅ သန်းခန့် နေရပ်စွန့်ခွာထားရသည်။ ရန်ကုန်နှင့် နေပြည်တော်အပြင်ဘက်တွင် ကျန်းမာရေးဝန်ဆောင်မှုများ အလွန်နည်းပါးနေသည်။

ပညာရေးစနစ်သည် ဆရာများ၏ ဆန္ဒပြသပိတ်နှင့် ကျောင်းသားများ၏ ဘွိုင်းကော့အပြီး ပြန်လည်မထူထောင်နိုင်သေးပါ။ ၂၀၁၁–၂၀၂၁ ကာလအတွင်း ပြုလုပ်ခဲ့သည့် မူဝါဒပြုပြင်ပြောင်းလဲမှုများ ပြန်လည်ပျက်စီးခဲ့သည်။ အသက် ၁၈ မှ ၂၄ အရွယ် လူငယ် လေးဦးတွင် သုံးဦးသည် ပညာရေး သို့မဟုတ် လေ့ကျင့်ရေးစနစ်အပြင်ဘက်တွင် ရှိနေသည်။ ၂၀၂၄ ခုနှစ် စစ်မှုထမ်းစနစ် စတင်ပြီးနောက် လူငယ်များ နိုင်ငံမှ ထွက်ခွာမှု တိုးလာခဲ့သည်။

နိုင်ငံပျက်စီးမှုကြောင့် ထိုင်းနယ်စပ်တလျှောက် ကျားဖြန့် အွန်လိုင်းငွေလိမ်လည်သည့်စခန်းများ ပျံ့နှံ့လာပြီး ၂၀၂၅ ခုနှစ်အတွင်း ကမ္ဘာ့သတင်းအဓိကအကြောင်းအရာဖြစ်လာခဲ့သည်။ တရုတ်နိုင်ငံက စစ်တပ်ကို ဖိအားပေး၍ အဆောက်အအုံအချို့ ဖျက်သိမ်းစေခဲ့ပြီး ခေါင်းဆောင်အချို့ ဖမ်းဆီးစေခဲ့သည်။ အမေရိကန်အစိုးရကလည်း “Scam Center Strike Force” ဖွဲ့စည်းခဲ့သည်။

တရုတ်၊ ရုရှားနှင့် မြောက်ကိုရီးယားတို့က မြန်မာစစ်တပ်ကို လက်နက်နှင့် စစ်ရေးနည်းပညာများ ဆက်လက်ပံ့ပိုးခဲ့သည်။ တရုတ်နိုင်ငံသည် အိန္ဒိယသမုဒ္ဒရာသို့ ဝင်ရောက်ခွင့် တိုးမြှင့်ရန်နှင့် သယံဇာတထုတ်ယူမှု တိုးချဲ့ရန် ကြိုးပမ်းခဲ့သည်။

ထိုင်းနိုင်ငံက နှစ်ဖက်လုံးနှင့် ဆက်ဆံခဲ့သည်။ အိန္ဒိယနိုင်ငံသည် တရုတ်၏ သြဇာတိုးချဲ့မှုကို မတားဆီးဘဲ စစ်တပ်ကို သံတမန်ရေးအရ ထောက်ခံခဲ့သည်။ အာဆီယံအဖွဲ့ကမူ တစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွပ်ဖက်ရေး မူဝါဒနှင့် သဘောတူညီချက်စနစ်ကြောင့် ကန့်သတ်ခံနေရသည်။

အမေရိကန်မူဝါဒလည်း ပြောင်းလဲခဲ့ပြီး ၂၀၂၅ ခုနှစ် ဇွန်လတွင် မြန်မာနိုင်ငံသားများ အမေရိကန်သို့ ဝင်ခွင့် ပိတ်ပင်ခဲ့သည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် မြန်မာဒုက္ခသည်များအတွက် Temporary Protected Status ကို ရပ်ဆိုင်းခဲ့သည်။

လူဦးရေ ၅၀ သန်းခန့်ရှိသော မြန်မာနိုင်ငံအတွက် ၂၀၂၅ ခုနှစ်သည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးနောက်ပိုင်း အဆိုးရွားဆုံးနှစ်များထဲမှ တစ်နှစ်ဖြစ်သည်။ ဝမ်းနည်းဖွယ်အချက်မှာ မြန်မာစစ်တပ်နှင့် တော်လှန်ရေးဘက်နှစ်ဖက်လုံးတွင် ပဋိပက္ခကို အဆုံးသတ်ကာ အနာဂတ်ကောင်းတစ်ခု ပြန်လည် ဖန်တီးနိုင်မည့် လက်တွေ့ကျသည့် လမ်းကြောင်း မတွေ့ရှိရခြင်းဖြစ်သည်။

(ဆောင်းပါးရှင် Lex Rieffel သည် From the Bridge Foundation ကို တည်ထောင်သူဖြစ်ပြီး အမေရိကန်အစိုးရ၊ဘဏ္ဍာရေးဝန်ကြီးဌာန၏ စီးပွားရေးပညာရှင်ဟောင်း တစ်ဦးဖြစ်သည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article