ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သမန္တပို့ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၃၀ ကျော်ပြာကျခဲ့ပြီး စစ်ကြောင်းက ကျေးရွာများကို ဆက်လက်ဝင်ရောက်နေ၍ ပြည်သူများ ရွာလုံးကျွတ်တိမ်းရှောင်နေရကြောင်း နွေဦးသစ္စာဆေးအဖွဲ့နှင့် Yesagyo Township Info Committee မှ တာဝန်ရှိသူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ရေစကြိုမြို့ပေါ်မှ ထွက်လာသော အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ သမန္တပို့ရွာကို ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ထို့နောက် ကျေးရွာအတွင်းရှိ ပြည်သူပိုင်နေအိမ်များကို စိတ်ကြိုက်ဖောက်ထွင်းပြီး ပစ္စည်းများကို ခိုးယူလုယက်ခဲ့ကြောင်း သိရသည်။
ပြည်သူပိုင် ပစ္စည်းများ ခိုးယူသွားပြီးနောက် စစ်ကြောင်းသည် ကျေးရွာအတွင်းရှိ နေအိမ်များကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ စစ်တပ် မီးရှို့မှုကြောင့် သမန္တပို့ရွာ အလယ်ပိုင်းရှိ နေအိမ် ၂၄ လုံးနှင့် သမန္တပို့ရွာ တောင်ဘက်ပိုင်းရှိ နေအိမ် ၉ လုံး မီးလောင်ပြာကျခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးတွေက နံနက်အစောကြီး လက်နက်ကြီးတွေနဲ့ ပြည်သူတွေ ရွာလုံးကျွတ်ကို ပြေးကြရတာ ခဏကြာတော့ မီးခိုးလုံးတွေ တက်လာတာ မြင်ရတယ်။ စားရေး သောက်ရေးတောင် အနိုင်နိုင် ရုန်းကန်နေကြရတာ အလုပ်တွေကလည်း အဆင်ပြေတာမဟုတ်ဘူး။ အခုနေစရာပါ မရှိတော့ဘူးဆိုပြီး ပြည်သူတွေကတော့ ငိုကြတာပေါ့။ စစ်ခွေးတွေရဲ့ ယုတ်မာမှုကတော့ ကမ်းကုန်ပဲ ဘယ်လိုစိတ်မျိုးတွေနဲ့ လုပ်ကြတာလည်းလို့ နားမလည်နိုင်တော့ပါဘူး။ စစ်ခွေးတွေ မီးရှို့လို့ အိမ်ခြေ ၃၀ ကျော်ပြာကျသွားတယ်။ ဒါတောင် သူတို့စစ်ကြောင်းထွက်သွားပြီး ပြည်သူတွေက အရဲစွန့်ငြှိမ်းသတ်ကြလို့ အဲလောက်ပဲ မီးကူတာ မဟုတ်ရင် ရွာလုံးကျွတ် အတော်များများပြာကျကုန်မှာ” ဟု Yesagyo Township Info Committee မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယမန်နေ့ညပိုင်း၌ ကြီးကန်ရွာကို ရောက်ရှိနေပြီး မည်သည့် ကျေးရွာကို ဆက်လက် စစ်ကြောင်းထိုးမည်ကို မသိရသောကြောင့် ပြည်သူများ ရွာလုံးကျွတ် တိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နှင့် ၁၅ ရက်နေ့တို့ကလည်း အကြမ်းဖက် စစ်တပ်က ရေစကြိုမြို့နယ် အတွင်းရှိ မုံညှင်းရွာနှင့် ချင်းယားကုန်းရွာတို့ကို စက်တပ်လေထီး၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၄ ဦး ဗုံးထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရှိရသည်။






