26 C
Yangon

ပုလောမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ၂ ရက်ဆက် လေယာဉ်ဖြင့် ဗုံးကျဲ၊ ရေးမြို့နယ်တွင်လည်း စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်၍ ပြည်သူပိုင် ပစ္စည်းများကို စိတ်ကြိုက် ခိုးယူသွား

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မွန်းလွဲပိုင်းတွင် အကြမ်းဖက် စစ်တပ်က ပုလောမြို့နယ်၊ သင်္ကန်းတောရွာကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုရှိ၊မရှိကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တော်လှန်ရေးတပ်ဖွဲ့များနှင့်လည်း ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။

“သင်္ကန်းတောရွာထဲမှာက တိုက်ပွဲဖြစ်နေတော့ ထိခိုက်ပျက်စီးမှုရှိမရှိကိုတော့ မသိရသေးဘူး။ ညနေပိုင်းလောက်မှာ ပစ်ခတ်သံတွေ မကြားရတော့ဘူးဆိုပေမယ့် စစ်ရေးတင်းမာနေတုန်းပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကလည်း တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ တောင် ခေါင်းလောင်းကျေးရွာပတ်ဝန်းကျင်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများ အပြင်း အထန်ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲများကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်တပ်ကလည်း လေကြောင်းတိုက်ခိုက်မှုများ တောက်လျှောက် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းများကို စိတ်ကြိုက် ခိုးယူသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ရေးမြို့နယ်၊ စံပြရွာကို အကြမ်းဖက် စစ်တပ်၏ မော့ကနင်ရွာ အခြေစိုက် ခလရ ၁၀၆ မှ အကြမ်းဖက် စစ်သားများက ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း၊ ထိုစစ်ကြောင်းသည် ကျေးရွာအတွင်းရှိ ပြည်သူပိုင် ဖုန်းများနှင် ငွေကြေးများကို စိတ်ကြိုက် ရှာဖွေ ခိုးယူသွားကြောင်း သိရသည်။

“၁၀၆ က စစ်ခွေးတွေ ရွာထဲကို ဝင်စီးပြီး ပြည်သူပိုင် ဖုန်းနဲ့ ငွေကြေးတွေ ခိုးယူသွားတာ ဘယ်အိမ်က ဘယ်လောက်ပါသွားလဲဆိုတာတော့ ကျနော်တို့လည်း အသေးစိတ် မသိသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article