ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈
အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်းသွားသော နဂါး အဖွဲ့က သက်ငယ်မုဒိမ်းမှု အပါအဝင် လူသတ်မှုများ ကျူးလွန်ထားကြောင်း NUG အစိုးရ ပြည်ထဲရေး နှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ယနေ့ ညပိုင်းတွင် ထုတ်ပြန်လိုက်သည်။
ယင်းမာပင်နှင့် ပုလဲတို့တွင် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့ခေါင်းဆောင် နိုင်လင်း (ခ) နဂါး အပါအဝင် ၎င်းလက်အောက်ခံများသည် မုဒိမ်းကျင့်ရန်ကြံစည်သည်ဟု စွပ်စွဲကာ လူသတ်၊ အလောင်းဖျောက်သည့်အမှု၊ ယင်းမာပင်ခရိုင် တပ်ရင်း(၃) တပ်ဖွဲ့ဝင် မင်းထက်နိုင်အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု၊ ပကဖ ရဲဘော် ၁၀ ဦးကို ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်း၊ နှိပ်စက်ခြင်း၊ အမျိုးသမီးငယ် ၂ ဦးကို သက်ငယ်မုဒိမ်းမှု ကျူးလွန်ခြင်း၊ ဥယျာဉ်နယ်မြေတွင် ဆင်မ ပိုးအိစံ အား သတ်ဖြတ်ခုတ်ထစ်မီးရှို့မှု၊ NUG ဂိတ်စခန်းအား စီးနင်းပြီး တာဝန်ရှိသူများကို ရိုက်နှက် ဖမ်းဆီးမှု၊ သေနတ်ဖြင့် လိုက်လံပစ်ခတ်မှု၊ ယင်းမာပင်ခရိုင် တပ်ရင်း (၄) မှ PDF ရဲဘော်ဂတုံးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှုများ ကျူးလွန်ထားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ နဂါးနှင့် လက်အောက်ခံများ ကျူးလွန်ခဲ့သည့် ရာဇဝတ်ပြစ်မှုများကို သက်ဆိုင်ရာ ပြည်သူ့ရဲတပ်ဖွဲ့က ရဲလုပ်ထုံးလုပ်နည်းများနှင့်အညီအမှုဖွင့်ဆောင်ရွက်ရာတွင် ကျူးလွန်သူများကို စုံစမ်းစစ်ဆေးနိုင်ရေးအတွက် လွှဲပြောင်းအပ်နှံပေးရန် အကြောင်းကြားခဲ့ သော်လည်း ၄င်းတို့ဘက်က ကျူးလွန်သူများကို လွှဲပြောင်းပေးအပ်ခဲ့ခြင်းမရှိကြောင်း သိရှိရသည်။
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနအနေဖြင့် ကာကွယ်ရေးဝန်ကြီးဌာန၏ အကူအညီဖြင့် ရာဇဝတ်ပြစ်မှုကျူးလွန်သည်ဟု တိုင်ကြားခံရသူများကို စုံစမ်းစစ်ဆေးနိုင်ရေး ဖမ်းဆီးထိန်းသိမ်းနိုင်ရန်ဆောင်ရွက်ရာတွင် BNRA တပ်ဖွဲ့ဝင်အချို့က အသာတကြည် ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ ပြန်လည်ခုခံခဲ့သည့်အတွက် ပစ်ခတ်မှုတချို့ဖြစ်ပွားခဲ့ပြီး လက်ရှိတွင် ဗမာအမျိုးသားတော်လှန်ရေး တပ်မတော်(BNRA) တပ်ဖွဲ့ဝင်ရဲဘော်အချို့ကို လက်နက်များနှင့်တကွ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် BNRA တပ်ဖွဲ့ဝင် ၁၅၀ ဦးခန့်သည်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များထံသို့ ချိတ်ဆက် အဖမ်းခံခြင်း၊ လာရောက် ပူးပေါင်း ဆောင်ရွက်ခြင်းနှင့် လက်နက် အပ်နှံခြင်းများပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာနတို့ အနေဖြင့် စစ်အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်မှ အမြစ်ဖြတ်တိုက်ထုတ်နိုင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်ရေးတို့ကို ရည်မျှော်လျက် စိုးမိုးထိန်းချုပ် နယ်မြေများတွင် အုပ်ချုပ်ရေးစနစ် ထူထောင်ခြင်း၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ခြင်းတို့ကို တာဝန်အရ ဥပဒေနှင့်အညီ ဆက်လက်ကိုင်တွယ်ဆောင်ရွက်သွားမည် ဖြစ်ပြီး ဖြစ်စဉ်နှင့် ပတ်သက်သည့် နောက်ဆက်တွဲထုတ်ပြန်မှုများ ကိုလည်း လိုအပ်သလို ဆက်လက် ထုတ်ပြန် သွားမည်ဖြစ်ကြောင်း NUG အစိုးရ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ပြောဆိုထားသည်။





