ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းရှိ ဇိုခွာ (Zokhua) နှင့် စင်ခွာ (Cinkhua) ကျေးရွာများကို ဖေဖော်ဝါရီ ၁၇ ရက်နေ့ ညပိုင်း စစ်တပ်က လေကြောင်းမှတစ်ဆင့် ဗုံး ၈ လုံးခန့် ကျဲချတိုက်ခိုက်ခဲ့ကြောင်း ချင်းတော်လှန်ရေး သတင်းရင်းမြစ်ထံမှ သိရှိရသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် စင်ခွာကျေးရွာရှိ ဒေသခံအရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် ၂ ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် စိုးရိမ်ရသည့် အခြေအနေရှိကြောင်း၊ ဇိုခွာကျေးရွာတွင်မူ ပြည်သူများ ထိခိုက်ဒဏ်ရာရမှု မရှိသော်လည်း ဗုံးထိမှန်မှုကြောင့် လူနေအိမ်နှင့် အဆောက်အအုံအချို့ ပျက်စီးဆုံးရှုံးမှုများရှိခဲ့ကြောင်း သိရှိရသည်။
လက်ရှိတွင် ဇိုခွာကျေးရွာအတွင်း ပျက်စီးဆုံးရှုံးသွားသည့် အိမ်ခြေအရေအတွက် အတိအကျကို အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး၊ ညအချိန်မတော် လေကြောင်းမှ ဗုံးကျဲမှုကြောင့် ဒေသခံပြည်သူများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရှိရသည်။
အလားတူ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေ ၃ နာရီ ၅၄ မိနစ်အချိန် စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်နှင့် ကောလင်းမြို့နယ်အစပ်တွင် တည်ရှိသော ရွာကုန်းကြီးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှတစ်ဆင့် အကြောင်းမဲ့ လာရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုမှာ မြေပြင်တိုက်ပွဲဖြစ်ပွားခြင်း လုံးဝမရှိဘဲ စစ်တပ်က ကျေးရွာအတွင်းသို့ ပစ်မှတ်ထား၍ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ရွာထဲကို တည့်တည့်ပစ်တာဗျ။ ဘာတိုက်ပွဲမှလည်း ဖြစ်နေတာ မရှိဘူး။ အကြောင်းမဲ့သက်သက် လာပစ်တာ” ဟု ဒေသခံတစ်ဦးက ဆိုသည်။
ယခုပစ်ခတ်မှုကြောင့် ကျေးရွာနေပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း ကျေးရွာအတွင်းသို့ ဗုံးကျရောက် ပေါက်ကွဲမှုများကြောင့် လူနေအိမ်နှင့် အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ဒေသပြည်သူများမှာလည်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုမှ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရှိရသည်။






