ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉
မကွေးတိုင်း၊ ငဖဲမြို့နယ် ပဇီရွာအနီးရှိ ၇ မိုင်ကုန်းစခန်းမှ စစ်မှုထမ်း တပ်သားသစ် ၃ ဦးက သေနတ် ၃ လက်နှင့် ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်လာကြောင်း Chin Defense Force – Asho မှ ပြောရေး ဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ငဖဲမြို့နယ် ပဇီရွာအနီး ၇ မိုင်ကုန်းစခန်းမှ စစ်မှုထမ်း တပ်သားသစ် ၃ ဦးက သေနတ် ၃ လက်နှင့်ခဲယမ်းများယူဆောင်လာပြီး ချင်းကာကွယ်ရေးတပ် – အရှိုထံသို့ ဆက်သွယ်ကာ အလင်းဝင်ရောက်လာခဲ့ကြောင်း၊ ထိုအလင်းဝင်ရောက်လာသော စစ်မှုထမ်းတပ်သားသစ် ၃ ဦးသည် စစ်ကိုင်းတိုင်း အရာတော်မြို့နယ်နှင့် မြင်းမူမြို့နယ်မှ ဖြစ်ပြီး အကြမ်းဖက် စစ်တပ်၏ ပေါ်တာဆွဲဖမ်းဆီးမှု ခံခဲ့ရသူများဖြစ်ကြောင်း သိရှိရသည်။
” ငဖဲ ပကဖကို အရင် ချိတ်ဆက်ကြတာ။ ငဖဲပကဖက ကျနော်တို့ကို ခေါ်ထုတ်ပေးဖို့ ပြောတဲ့အတွက် သူတို့နဲ့ ဖုန်းဆက်သွယ်ပြီး သွားခေါ်လာတာ။ အလင်းဝင်ရောက်လာတဲ့သူ ၂ ဦးကတော့ စစ်မှုထမ်း အပတ်စဉ် ၁၆ကပါ။ သူတို့က ကျိုင်းတုံမြို့ စစ်သင်တန်းကျောင်းမှာ တက်ခဲ့ပါတယ်။ “ဟု Chin Defence Force – Asho မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ပြောဆိုသည်။
အလားတူ မန္တလေးတိုင်း၊ မန္တလေးမြို့အခြေစိုက် ထောက်ပို့ ၁၂၁ တပ်ရင်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး သေနတ်ယူဆောင်ခြင်းမရှိဘဲ အလင်းဝင်ခဲ့ကြောင်း Urban Operation Column မှ တာဝန်ရှိသူက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ပြောကြာသးည်။
ဖေဖော်ဝါရီလ ၁၄ ရက်နေ့က မန္တလေးမြို့ အခြေစိုက် အမှတ် ၁၂၁ ထောက်ပို့တပ်ရင်းမှ အကြမ်းဖက် စစ်ကောင်စီတပ်သား ၁ ဦးသည် Urban Operation Column ထံသို့ ချိတ် ဆက်ကာ လက်နက်မပါပဲ အလင်းဝင်ရောက်လာခဲ့ကြောင်း၊ ၎င်းသည် ၂၀၁၇ ခုနှစ်မှစတင်၍ စစ်တပ်အတွင်းသို့ ရောက်ရှိခဲ့သူဖြစ်ပြီး ယခုအခါ အကြမ်းဖက် စစ်တပ်ကို ပြန်လည် တိုက်ခိုက်သွားမည်ဖြစ် ကြောင်း သိရသည်။
စစ်တပ်ထဲတွင် ၈ နှစ်ကြာ နိုင်ငံအတွက် တာဝန်ထမ်းဆောင်ခဲ့သော်လည်း တပ် ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်နိုင်ဌေး၏ အိမ်တွင် ထမင်းဟင်းချက်၊ အဝတ်လျော်၊ အိမ်စောင့်၊ ခွေးစာကျွေး ကြောင်စာကျွေး အလုပ်များကို လုပ်ခဲ့ရကြောင်း အလင်းဝင်လာသူ စစ်သား၏ ပြောဆိုချက်အရ သိရှိရသည်။
ထို့ပြင် တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်နိုင်ဌေးက စစ်တပ်ထဲမှ ထွက်ပြီး မန္တလေးမြို့ပေါ်ရှိ အကြမ်း ဖက် စစ်တပ်၏ လက်အောက်ခံ ပျူစောထီးများဖြစ်သော ရဲရင့်နှင့် အောင်စိုးဝေ ၊ အုပ်ချုပ်ရေးမှူးများနှင့်ပေါင်းကာ ပြည်သူပိုင်မြေများကို အာဏာသုံး သိမ်းဆည်းခြင်း၊ ပြန်လည်ရောင်းချခြင်းများဖြင့် စီးပွား ရှာနေကာ ပြည်သူကို အနိုင်ကျင့်နေကြကြောင်း အလင်းဝင်းစစ်သားက ပြော ဆိုသည်။
အကြမ်းဖက် စစ်တပ်အတွင်းရှိ အရာရှိများက ပြည်သူ့ဘဏ္ဍာနှင့် ပြည်သူ့ပိုင်မြေများကို ခိုးယူကာ ချမ်းသာနေကြသော်လည်း လက်အောက်ငယ်သား ရဲ ဘော်များမှာမူ ဆင်းရဲကျပ်တည်းနေကြကြောင်း၊ ထို့ကြောင့် တပ်တွင်း၌ ညီညွတ်မှုမရှိတော့ဘဲ တစ်ဦးနှင့်တစ်ဦး မယုံကြည်မှုများ မြင့်တက်ကာ ဖရိုဖရဲ ဖြစ်နေကြကြောင်း အလင်းဝင်လာသူ စစ်သားက ဆက်လက်ပြောဆိုသည်။
“စစ်တပ်ထဲမှာ ၈ နှစ်လုံးလုံး မန္တလေးနန်းတွင်းနဲ့ ပြင်ဦးလွင်ဘက်မှာ နေခဲ့ရတယ်။ ၂၀၁၇ ထဲက တိုင်း ပြည် အတွက် အလုပ်လုပ်ပေးဖို့ စစ်တပ်ထဲဝင်ခဲ့ပေမယ့် သူတို့ အရာရှိတွေရဲ့ ကျွန်တစ်ယောက်လိုဖြစ်ခဲ့ရတယ်။ တပ်ရင်းမှူး ဗိုလ်မှူးကြီး အောင်နိုင်ဌေး အိမ်မှာ ထမင်းဟင်းချက်၊ အဝတ်လျော်၊ အိမ်စောင့်၊ ခွေးစာကြောင်စာကျွေး တာတွေကိုပဲ အဓိကလုပ်ခဲ့ရတာ။ အခုလက်ရှိမှာတော့ သူက စစ်တပ်က ထွက်သွားပြီလို့ကြားတယ်။ သူရဲ့ အဂတိ လိုက် စားမှုတွေရှိတယ်။ သူတို့က မန္တလေးတိုင်းထဲမှာ အိမ်ခြံမြေကိစ္စတွေ၊ ပိုက်ဆံပေးပိုက်ဆံယူတာတွေနဲ့ လုပ်စားနေကြတာ။ ပေါက်ကိုယ်တော်နဲ့ အောင်နိုင်ဌေးတို့က တစ်ဖွဲ့တည်းပဲ။ သူတို့နဲ့ပူးပေါင်းလုပ်တဲ့ သူတို့တပည့်တွေ ပျူစောထီး ရဲရင့်တို့၊ အောင်စိုးဝေတို့က မြေသိမ်းတာတွေ၊ သူများခြံတွေယူပြီး ပြန်ရောင်းတာတွေလုပ်ကြတယ်။ ဒီကောင်တွေက မန္တလေးမြို့ထဲမှာ စစ်ကားနဲ့မသွားဘူး၊ အရပ်ကားနဲ့ပဲ သွားလာပြီး အုပ်ချုပ်ရေးမှူးတွေနဲ့ပေါင်းကာ အာဏာအလွဲသုံးစားလုပ် ပြည်သူကို အနိုင်ကျင့်နေတာ။ ဘာမှမဟုတ်တဲ့ လူမိုက်၊ သူခိုး၊ ဓားပြတွေကတောင် ရဲဘော်တွေထက် ချမ်းသာနေကြတာ။ အဲ့တော့ စစ်တပ်ထဲမှာ ညီညွတ်မှုမရှိတော့ဘူး၊ ဖယိုမရဲတွေဖြစ်နေပြီး တစ်ယောက်နဲ့တစ်ယောက် မကြည်တာတွေ ဖြစ်နေပြီ။ ကျွန်တော့်လို စစ်တပ်ထဲမှာ မနေချင်လို့ ထွက်လာကြမယ်ဆိုရင် သေချာဆုံးဖြတ်ချက်ချပြီး လမ်းမှာသတိထားလာကြပါ၊ ပြန်မိသွားရင် မလွယ်ဘူး။ ဒါပေမဲ့ တော်လှန်ရေးဘက် ရောက်သွားရင် သတ်တယ်ဖြတ်တယ်ဆိုတာမျိုး ရိုက်နက်နှိပ်စက်တာမျိုး တစ်ခုမှမရှိဘူး။ အားလုံးကို တန်းတူထားပြီး နွေးနွေးထွေးထွေးနဲ့ ညီအစ်ကိုလို မိသားစုလို ကြိုဆိုကြပါတယ်” ဟု အလင်းဝင်လာသူ စစ်သားက ပြောဆိုသည်။
လက်ရှိချိန်တွင် အဆိုပါ အလင်းဝင်လာသူကို တော်လှန်ရေးတပ်ဖွဲ့မှ ကောင်းမွန်စွာ စောင့်ရှောက်ထားရှိပြီး အကြမ်းဖက် စစ်တပ်အတွင်းမှ ထွက်ပြေးလိုသူများအနေဖြင့်လည်း ယုံကြည်ချက်ရှိရှိဖြင့် ဆုံး ဖြတ်ချက်ချကာ ပြည်သူ့ဘက်သို့ ကူးပြောင်းခိုလှုံကြရန် အလင်းဝင်ရောက်လာသူနှင့် Urban Operation Columnအဖွဲ့ က အသိပေးတိုက်တွန်းပြောဆိုသည်။






