ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရှိ လုမ်းဘန်(Lumbang)ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် အစောပိုင်း ၁ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဖလမ်းမြို့နယ်၊ လုမ်းဘန်(Lumbang)ရွာကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ကျေးရွာနေပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်များပျက်စီးခဲ့ကြောင်း သိရသည်။
“ဖလမ်းမြို့နယ်၊ Lumbang ရွာထဲကို စစ်ခွေးတွေက ဒီနေ့ နံနက်အစောပိုင်းမှာ လေယာဉ်နဲ့ ဗုံးကျဲသွားတာ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်တွေပျက်စီးတယ်။ ထိခိုက်ဒဏ်ရာရသူက မစိုးရိမ်ရဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မကျည်းကန်ရွာကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၂ ကြိမ်ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် ၉ နာရီ ၅၇ မိနစ်ခန့်တွင် မြိုင်နယ်မြောက်ပိုင်းရှိ မကျည်းကန်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့ကြောင်း၊ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း ကားတချို့ ပျက်စီးမှုရှိကြောင်း သိရသည်။
“ရွာပြင်တောထဲကျတာဆိုတော့ ပြည်သူ အထိအခိုက်မရှိဘူး။ လမ်းပေါ်ရပ်ထားတဲ့ ကားလေး ၂ စီးလောက်တော့ ထိခိုက်တယ်လို့ သိရတယ်။ ဗုံးသီး က ၂ လုံးကျဲတာလို့ သိရတယ်။ စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း တိုက်ခိုက်ခဲ့တာပါ။ အဲဒီမှာ စစ်ခွေး စစ်ကြောင်းမရှိဘဲနဲ့ သက်သက် လာကျဲသွားတာ” ဟု အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
ထို့ပြင် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ဖျံတလင်းကျေးရွာကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ် ၃ လုံးပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ထိန်တောရွာရှိ အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဖျံတလင်းကျေးရွာတွင်းကို ၂ ကြိမ် လာရောက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ကျေးရွာအတွင်းရှိ နေအိမ် ၃ လုံး ထိမှန်ပျက်စီးခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။
အကြမ်းဖက်စစ်တပ်က ညောင်လေးပင်ခရိုင်အတွင်း နေထိုင်သော အရပ်သား ပြည်သူများကို ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများကို နေ့စဉ် ရက်ဆက် ကျူးလွန်လျက်ရှိသောကြောင့် ပြည်သူလူထု၏ အသက်အိုးအိမ် ပစ္စည်းဥစ္စာများ နေ့စဉ် နှင့်အမျှ ပျက်စီးဆုံးရှုံးနေရပြီး ထိတ်လန့်ကြောက်ရွံ့စွာဖြင့် အသက်ရှင်နေထိုင်နေရကြောင်း KNU ဗဟိုက ပြောဆိုထားသည်။






