ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉
ထိုင်းနိုင်ငံတွင် နေထိုင်နေသည့် မြန်မာပြည်မှ ရွှေ့ပြောင်းခိုလှုံသူများအတွက် ဂျပန်နိုင်ငံက ဆေးဘက်ဆိုင်ရာအကူအညီများ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဂျပန်ဘက်က တရားဝင်သတင်းထုတ်ပြန်သည်။
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းယူခဲ့သည့် အချိန်မှစ၍ ပြည်တွင်းပဋိပက္ခများ ပြင်းထန်လာခဲ့ပြီး ထိုင်းနိုင်ငံသို့ ထွက်ပြေးခိုလှုံသူ အရေအတွက် တိုးမြင့်လာခဲ့သည်။ ထိုင်း–မြန်မာနယ်စပ်တစ်လျှောက်တွင် ဆေးဝါးကုသမှု လိုအပ်သူများ တိုးလာမှုကြောင့် ဒေသခံ ကျန်းမာရေးစောင့်ရှောက်မှုစနစ်များ အခက်အခဲများ ကြုံတွေ့နေရသည်။
ထို့ပြင် အမေရိကန်နိုင်ငံက အထောက်အပံ့များ လျှော့ချခဲ့သည့်နောက်ပိုင်း ကျန်းမာရေးဌာနအချို့သည် ယာယီပိတ်သိမ်းရခြင်းများ ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။
ယခုအခါ ဂျပန်အစိုးရက ရွှေ့ပြောင်းခိုလှုံသူများအတွက် ကျန်းမာရေးဝန်ဆောင်မှုများ တိုးမြှင့်ပံ့ပိုးရန် ဆုံးဖြတ်ခဲ့ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် လက်မှတ်ရေးထိုး အခမ်းအနားကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ဘန်ကောက်မြို့၌ ကျင်းပခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေမှာ ယန်း ၄၅၀ သန်းခန့် (အမေရိကန်ဒေါ်လာ ၂ ဒသမ ၉၅ သန်းခန့်) တန်ဖိုးရှိပြီး ရွှေ့ပြောင်း ခိုလှုံသူစခန်းများတွင် ဆေးဘက်ဆိုင်ရာဝန်ထမ်းများ လေ့ကျင့်ပေးခြင်းနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာများ တိုးတက်ကောင်းမွန်စေရန် အသုံးပြုသွားမည်ဖြစ်သည်။
WHO အဆိုအရ အဆိုပါစီမံကိန်းမှ ရွှေ့ပြောင်းခိုလှုံသူ ၆၀,၀၀၀ ကျော် အကျိုးခံစားနိုင်မည်ဟု ခန့်မှန်းထားသည်။
ထိုင်းနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး အိုတကာ မာဆာတိုက နယ်စပ်ဒေသရှိ ကျန်းမာရေးဝန်ဆောင်မှုများနှင့် လူနေမှုဘဝ အခြေအနေများ တည်တံ့ကောင်းမွန်စေရန် အထောက်အကူဖြစ်စေမည်ဖြစ်ပြီး ဒေသတစ်လျှောက် တည်ငြိမ်ရေးကိုလည်း မြှင့်တင်နိုင်မည်ဟု ပြောကြားခဲ့သည်။
ဓာတ်ပုံ- ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းတွင် လူနာများကို ဆေးဝါးကုသပေးနေစဉ်။




