ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉
မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ စက်တပ်လေထီးများဖြင့် ဗုံးကျဲနေပြီး မြေပြင် စစ်ကြောင်းကလည်း ထပ်မံဝင်ရောက်လာ၍ ထောင်နှင့်ချီသော ပြည်သူများ ရွာလုံးကျွတ် တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် အစောပိုင်း ၁ နာရီခန့်တွင် မွန်းလွဲ ၃ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးနှင့် မိတ္ထီလာလေတပ်မှ တက်လာသာ စက်တပ်လေထီးများက တောင်သာမြို့နယ် အရှေ့ခြမ်းနှင့် အရှေ့တောင်ခြမ်း ကျေးရွာများကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်သွားခြင်ဖြစ်ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုရှိ၊မရှိကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ လက်ရှိချိန်တွင် ကျေးရွာနေပြည်သူများသည် ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း သိရှိရသည်။
ထို့ပြင် ယနေ့ နံနက် ၇ နာရီ ကျော်ခန့်တွင် မကျီးရိုးရွာ၌ တပ်စွဲထားသော အင်အား ၁၅၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကလည်း နကူးရွာဘက်ကို စစ်ကြောင်းထိုးလာသောကြောင့် ပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း၊ စစ်တပ်သည် တောင်သာမြို့နယ်အတွင်း စစ်ကြောင်းထိုးပါက လမ်းတလျောက်ရှိ ပြည်သူများကို လိုက်လံ ဖမ်းဆီးတတ်သောကြောင့် လက်ရှိချိန်တွင် ထောင်နှင့်ချီသော ပြည်သူများသည် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ထိုစစ်ကြောင်းကြောင့် လက်ရှိချိန်တွင် လက်သဲကျင်ရွာ၊ မင်းတည်းကျေးရွာ၊ မင်းတည်းရွာ၊ နကူးရွာ၊ ကျောက်ချောရွာ၊ အောင်သာရွာ၊ ကျောက်ပုံရွာ၊ ဒါန်းတိုင်ရွာ၊ အလယ်ချိုင်းမြောက်ရွာနှင့် ပဲခင်းကျော်ရွာမှ ပြည်သူများ တိမ်းရှောင်နေရကြောင်း သိရှိရသည်။
“ဒီနေ့ နံနက်ပိုင်းမှာ မကျီးရိုးရွာမှာ တပ်စွဲထားတဲ့ စစ်ခွေးတွေက နကူးရွာဘက်ကို စစ်ကြောင်းထိုးလာလို့ ပြည်သူတွေ တိမ်းရှောင်နေရတယ်။ တောင်သာမြို့နယ်ထဲကို စစ်ခွေးတွေက စစ်ကြောင်းထိုးပြီးဆိုရင် လမ်းတောက်လျောက်မှာတွေ့တဲ့ ပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးရိုက်နှက် တာတွေ လုပ်လို့ ပြည်သူတွေက ကြိုပြီးရှောင်နေရကြတာ အခုစစ်ခွေးစစ်ကြောင်းက နကူးရွာဘက်ကို ဦးတည်ထွက်ခွာနေတယ်။ ဒီနေ့လည်း လေယာဉ်တွေကော စက်တပ်လေထီးတွေနဲ့ကော ဗုံးကျဲတာတွေ ဆက်တိုက်လုပ်ဆောင်သွားတယ်။ ပြည်သူတွေ ထိမထိတော့ အသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကလည်း ပဲခင်းကျော်ကျေးရွာ၌ ရောက်ရှိတပ်စွဲထားသော အကြမ်းဖက် စစ်တပ်သည် ကျေးရွာအတွင်းရှိ မူလတန်းကျောင်း၊ ဘုန်းကြီးကျောင်း အပါအဝင် ပြည်သူပိုင် နေအိမ် ၅၀ ကျော်ကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် ပြည်သူများ၏ ကောက်ပဲသီးနှံများကိုလည်း ၁၂ ဘီးကားများဖြင့် သယ်ဆောင်သွားပြီး ၎င်းတို့ သယ်ဆောင်သွားခြင်းမရှိသော မြေပဲနှင့် ပဲစင်းငုံ အိတ်များကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း၊ ကျေးရွာအတွင်းရှိ ပြည်သူပိုင် ဆိုင်ကယ်များကိုလည်း ရေကန်အတွင်း ပစ်ချထားခဲ့ကြောင်း သိရှိရသည်။






