ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ် လမ်းပိုင်းတွင် တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၃ ရက်ဆက် ဗုံးကျဲတိုက်ခိုက်နေကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၇ ရက်နှင့် ၁၈ ရက်နေ့တို့တွင် သရက်ချောင်းမြို့နယ်၊ ကနက်သီရိရွာနှင့် မင်းဒပ်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက်တွင်လည်း မြိတ်-ထားဝယ် ကားလမ်းပေါ်ရှိ မင်းဒပ်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်သည် သရက်ချောင်းမြို့မှ အင်အား ၂၀၀ ကျော်ဖြင့် စစ်ကြောင်း ၂ ကြောင်းခွဲ၍ လဘရွာဘက်မှတဆင့် မြို့နယ် အောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်ကာ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်း၊ မြိတ်-ထားဝယ် လမ်းပိုင်းနှင့် အမှတ် ၈ လမ်းမကြီး တစ်လျှောက်တွင်လည်း တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေကာ စစ်ရေးတင်းမာလျက်ရှိပြီး လမ်းပိုင်းပိတ်ထားရသည်မှာ ၁၀ ရက်ကျော် ကြာမြင့်နေပြီဖြစ်ကြောင်း သိရှိရသည်။
“ဒီနေ့နဲ့ဆိုရင် စစ်ခွေးတွေ လေယာဉ်နဲ့လာကျဲတာ ၃ ရက်ဆက်တိုက်ရှိပြီ ဒီနေ့မနက်ပိုင်းက ၂ ကြိမ်၊ မွန်းလွဲ ၃ နာရီခန့်မှာ ၁ ကြိမ် ဝင်းဝစခန်းအနီးက မင်းဒပ်ရွာကို ဗုံးလာကျဲသွားတာ သရက်ချောင်းအောက်ဘက်ခြမ်းမှာရှိတဲ့ ရွာတွေကိုလည်း လေယာဉ်နဲ့ ဆက်တိုက်ကျဲနေတာပါ။ ဖုန်းလိုင်းတွေလည်း ပြတ်နေတော့ ထိခိုက်မှု အတိအကျကို မသိရဘူး။ တိုက်ပွဲတွေဖြစ်နေတာက မြိတ်-ထားဝယ်လမ်းပိုင်း အမှတ် ၈ ပိုင်းတစ်လျှောက်မှာ တိုက်ပွဲတွေ နေ့တိုင်းဖြစ်နေတယ်။ သရက်ချောင်းမြို့နယ် အောက်ဘက်ခြမ်းမှာလည်း ဖြစ်နေတယ်။ လက်နက်ကြီး လက်နက်ငယ်သံတွေလည်း ကြားနေရတယ်။ ဖုန်းလိုင်းတွေပြတ်တောက်နေလို့ ဘယ်နေရာမှာ ဖြစ်နေလဲဆိုတာတော့ အတိအကျမသိရဘူး” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
ထိုသို့ တိုက်ပွဲများဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခြင်းကြောင့် ရှင်မထီးရွာနှင့် ဆောဝရွာမှ ပြည်သူ ၆၀၀ ခန့်သည်လည်း ဘေးလွတ်ရာ ဆက်လက် တိမ်းရှောင်နေရကြောင်း၊ လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်က သရက်ချောင်းမြို့နယ် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် စစ်ကြောင်းထိုးမှုများ ပိုမိုလုပ်ဆောင်လာ၍ ပြည်သူများ သတိပြုနေထိုင်ကြရန် ဒေသစစ်ရေးသတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။




