ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ရဟတ်ယာဉ်ဖြင့် စစ်အင်အားဖြည့်တင်းပြီးနောက် ကျေးရွာများကို စတင်စစ်ကြောင်းထိုးနေကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင် ကိုဇော်ထက်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ပုလဲမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်စခန်းကို မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လာသော Mi-17 ရဟတ်ယာဉ်ဖြင့် ၁၅ ကြိမ် လူနှင့် လက်နက်ခဲယမ်းများ အင်အားဖြည့်တင်းပြီးနောက် အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းသည် မင်းတိုင်ကျေးရွာဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာကြောင်း သိရသည်။
“လက်နက်ခဲယမ်း၊ ရိက္ခာပေါ့။ ပုလဲမြို့ပေါ်ကို Mi-17 နဲ့ အခေါက်ခေါက်အခါခါလာပြီး ဖြည့်တင်းတယ်။ အဲဒီဖြည့်တင်းတဲ့ အင်အား ၂၀၀ လောက်နဲ့ မင်းတိုင်ပင်ကို ထွက်လာတယ်။ အခုတော့ သူတို့က မင်းတိုင်ပင်တော့ ရောက်သွားပြီ မင်းတိုင်ပင်က တဆင့် ဘယ်ဘက်ကို စစ်ကြောင်းထိုးမယ်ဆိုတောကတော့ ခန့်မှန်းလို့မရသေးဘူး။ ဖိုဝင်တောင်ဘက်ကို မုံရွာ နမခနေလာတဲ့ စစ်ခွေး စစ်ကြောင်းတွေရှိတယ်။ သူတို့စစ်ရေးရည်ရွယ်ချက်က ဘယ်ဘက်ကို ဦးတည်သွားမလဲဆိုတော့ အခုချိန်မှာ ဘာမှပြောလို့မရသေးဘူး” ဟု ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ကိုဇော်ထက်က ပြောဆိုသည်။
ထို့ပြင် မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ထွက်လာသော အင်အား ၈၀၀ ခန့် ပါ စစ်တပ် စစ်ကြောင်းသည်လည်း ချင်းတွင်းမြစ်ကို ဖြတ်ကူး၍ ညောင်ပင်ကြီးကျေးရွာမှ တဆင့် ၁၂ ဘီးကားများဖြင့် ဖိုဝင်တောင်ဘက်သို့ ရောက်ရှိနေကြောင်း၊ အလားတူ ဆားလင်းကြီးမြို့မှ ထွက်လာ သော အင်အား ၁၀၀ ကျော်ပါ စစ်တပ် စစ်ကြောင်းကလည်း ဝမ်ပေါင် အနီး တယ်ပင်ကန်ကျေးရွာမှ တဆင့် ရာဇကျော်ရွာဘက်သို့ ဦးတည်သွားနေကြောင်း သိရသည်။
ထိုသို့ စစ်တပ် စစ်ကြောင်းများ ဝင်ရောက်လာသောကြောင့် သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့များ ခုခံစစ်ဗျူဟာနှင့် ဒေသ ပြည်သူများ၏ လုံခြုံရေးအစီအမံများကို အရေးပေါ်ပြင်ဆင်ထားကြရန်နှင့် ဒေသပြည်သူများကလည်း ကြိုတင် ရှောင်ရှားနေထိုင်ကြရန် တော်လှန်ရေးအဖွဲ့အစည်းများက တိုက်တွန်းထားသည်။




