ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က မူးယစ်ဆေးဝါး ဖြန့်ဖြူးခိုင်းသောအသက် မပြည့်သေးသည့် ကလေး ၂ ဦးကို WY ဆေးပြားများနှင့်အတူ ကရင်အမျိုးသားရဲတပ်ဖွဲ့ (K.N.P.F) က ဖမ်းဆီးရမိကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ကျောက်ကြီးမြို့နယ်အတွင်း WY မူးယစ်ဆေးဝါး အလုံး ၁၀၀ ခန့် သယ် ဆောင်လာသော အသက် ၁၆ နှစ်အရွယ်နှင့် ၁၃ နှစ်အရွယ် ကလေး ၂ ဦးကို ကရင်အမျိုးသားရဲတပ်ဖွဲ့ KNPF က ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသည့် ကလေးများကို စစ်ဆေးမေးမြန်းချက်အရ ၎င်းတို့ ၂ ဦးသည် ကျောက်တံခါးမြို့၊ ဈေးပိုင်းတွင် နေထိုင်သူများဖြစ်ပြီး အကြမ်းဖက် စစ်တပ်၏ ခိုင်းစေမှုကြောင့် ကျောက်ကြီးမြို့နယ်အတွင်း မူးယစ်ဆေးဝါးများ လာရောက်ဖြန့်ဖြူးခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုထားသည်ဟု သိရှိရသည်။
အကြမ်းဖက် စစ်တပ်က တော်လှန်ရေးတပ်ဖွဲ့များ အင်အားချိနဲ့စေရန်အတွက် စစ်ရေးနည်းလမ်းများသာမက အကျိုးအမြတ်ဖြင့် ဆွဲဆောင်ခြင်း၊ တော်လှန်ရေးပုံရိပ်များ ညှိုးနွမ်းစေရန် သတင်းတုသတင်းမှားများ ထုတ်လွှင့်ခြင်းနှင့် ဒေသခံလူထု၏ အကျင့် စာရိတ္တ ပျက်ပြားစေရန် နည်းလမ်းမျိုးစုံဖြင့် လုပ် ဆောင်သည်မှာ ကရင့်တော်လှန်ရေး အဆက်ဆက်ပင်ဖြစ်ကြောင်း KNU-ဗဟို က ထုတ်ပြန်ပြောဆိုထားသည်။




