ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသတွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲများ ဖြစ်ပွားလာပါက ပြည်သူများကို လူသားဒိုင်း ပြုလုပ်နိုင်ရန် စစ်ရှောင် ၃၀၀၀ ကျော်ကို အတင်း အဓမ္မ နေရပ် ပြန်ခိုင်းနေကြောင်း စစ်ရှောင်ပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မင်းကွန်းဒေသအတွင်း အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ပွဲများကြောင့် မြသိန်းတန်ဘုရား မြောက်ဘက်ရှိ မိုးမိတ်ကုန်းမြေတွင် ရွာပေါင်း ၆ ခုမှ ပြည်သူ ၃၀၀၀ ကျော်သည် နှစ်ရှည် စစ်ဘေးတိမ်းရှောင်နေရကြောင်း၊ ထိုစစ်ရှောင်ပြည်သူများကို ဖေဖော်ဝါရီလပိုင်းမှ စတင်၍ အကြမ်းဖက် စစ်တပ်က နေရပ်ပြန်ရန် အတင်းအဓမ္မ ဖိအားပေး လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်သည် နယ်မြေအေးချမ်းသွားပြီဟု အကြောင်းပြ၍ အတင်း အဓမ္မ ပြန်လွှတ်နေခြင်းဖြစ်ကြောင်း၊ ထိုဒေသတွင် တိုက်ပွဲများ ဖြစ်ပွားပါက စစ်တပ်က ပြည်သူများကို လူသားဒိုင်းပြုလုပ်ခြင်း၊ ကျေးရွာနေပြည်သူများကို PDF သတင်းပေးဟုဆိုကာ ဖမ်းဆီး သတ်ဖြတ်ခြင်း၊ မိုင်းနင်းခိုင်းခြင်း၊ အမျိုးသမီးငယ်များကို အဓမ္မပြုကျင့်ခြင်းနှင့် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခြင်းများကြောင့် ပြည်သူများက နေရပ်ပြန်ရန် ငြင်းဆိုနေခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် နေရပ်ပြန်သူများကို စစ်တပ်က ထောက်ပံ့ကြေးပေးမည်ဟု ဆိုကာ မဲဆွယ်နေသော်လည်း စစ်တပ်၏ အကြမ်းဖက် လုပ်ရပ်များကို ပြည်သူများကို ကြောက်လန့်နေကြောင်း၊ စစ်ဘေးရှောင်ပြည်သူများသည် မိုးမိတ်ကုန်းမြေတွင် တဲများထိုးပြီး သံဃာတော်များ၏ အုပ်ချုပ်မှုအောက်တွင် ငြိမ်းချမ်းစွာ ဆက်လက်နေထိုင်လိုကြောင်း ပြောဆိုသည်။
“မင်းကွန်း မြသိန်းတန်ဘုရား မြောက်ခြမ်းကနေ မိုးမိတ်ကုန်းမြေအထိ စစ်ဘေးရှောင် ရွာပေါင်း ၆ ရွာလောက်ရှိပါတယ်။ လူဦးရေစုစုပေါင်း ၃၀၀၀ ကျော်ရှိပါတယ်။ ခု စစ်ဘေးရှောင်တွေက တဲထိုးပြီး မိုးမိတ်ကုန်းမြေမှာ ဆရာတော်တွေရဲ့ အုပ်ချုပ်မှုအောက်မမှာ ငြိမ်းငြိမ်းချမ်းချမ်း နေရပါတယ်။ အဲတာကို မင်းကွန်းရဲစခန်းက စစ်တပ် စစ်ကြောင်းမှူးနဲ စစ်ကိုင်းက ပျူစောထီး ခေါင်းဆောင် ဝေပုန်လ ဦးဆောင်းတဲ့ လူတွေက ရွာထဲကို ပြန်လာနေကြဖို့ ဖိအားပေးနေပါတယ်။ ဘောမ တချို့ကလည်း လိုင်းပေါ်ကနေ နယ်မြေအေးချမ်းပြီဆိုပြီး လူတွေကို ပြန်လာခိုင်းပါတယ်။ အရင်တခါတုန်းကလည်း သူတို့ကို ယုံပြီးသွားနေလို့ တိုက်ပွဲဖြစ်တော့ ဖမ်းပြီး လူသားဒိုင်းလုပ်ခံရပါတယ်။ မိန်းကလေးတွေလည်း မုဒိမ်းကျင့်ခံရပါတယ်။ အရွယ်ကောင်း ယောကျာ်းလေးတွေဆို ပျူစောထီးထဲဝင်ရပါတယ်။ မင်းကွန်းမှာ စစ်တပ်က သတ်လို့ သေတဲ့ လူပေါင်း ၅၀ အထက်မနည်းပါဘူး။ ဒါတောင် နာမည်ရှိပြီး လူရှေ့သူရှေ့ခေါ်ခံရတဲ့လူတွေပါ။ လူမသိသူမသိ သတ်တာအများကြီးပါ။ မိုင်းတွေလည်းထောင်ထားပါတယ်။ ဒီတခါ တိုက်ပွဲဖြစ်ရင် ပြည်သူတွေကို ဓားစာခံလုပ်ဖို့ ရွာထဲအတင်းဆွဲသွင်းနေတာပါ။ အစိုးရဆီကနေ ထောက်ပံကြေးရအောင်လုပ်ပေးမယ် ခင်များတိုမငတ်စေရဘူးဆိုပြီး မဲဆွယ်နေပါတယ်” ဟု စစ်ရှောင်ပြည်သူတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်သည် လက်ရှိချိန်ထိ မင်းကွန်းဒေသအတွင်း နယ်မြေစိုးမိုးနိုင်ခြင်းမရှိသေးဘဲ တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားလာပါက ကျေးရွာနေ ပြည်သူများကို လူသားဒိုင်း ပြုလုပ်နိုင်ရန် အတင်းအဓမ္မ နေရပ်ပြန်ခိုင်းနေခြင်းဖြစ်ကြောင်း စစ်ရှောင်ပြည်သူများက ဆက်လက်ပြောဆိုသည်။
ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်း စစ်တပ် စစ်ကြောင်းကြောင့် ထွက်ပြေး တိမ်းရှောင်နေရသော ပြည်သူများ







