ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀
ချင်းပြည်နယ်၏ နေ့ထူးနေ့မြတ်ဖြစ်သော ၇၈ ကြိမ်မြောက် ချင်းအမျိုးသားနေ့ ကျရောက်သည့် ယနေ့တွင် အာဏာသိမ်းစစ်တပ်က ဟားခါးနှင့် ဖလမ်းမြို့နယ်အတွင်းရှိ ကျေးရွာများစွာကို လေကြောင်းမှတစ်ဆင့် ဆက်တိုက် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ချင်းတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ နံနက် ၁၀ နာရီခန့်အချိန် စစ်တပ်က ဟားခါး-ဖလမ်း ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တည်ရှိသော ကျေးရွာများကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ စစ်တပ်၏ လေကြောင်း တိုက်ခိုက်ခံရသည့် ရွာများမှာ ဟားခါးမြို့နယ်ရှိ ချွန်ကျုံး (Chuncung) ကျေးရွာ၊ဖလမ်းမြို့နယ်အတွင်းရှိ လိုင်ကူး (Laikua)၊ ရမ်သလို (Ramthlo)၊ သလန်ရောန် (Thlanrawn)၊ တလန်ဇာ (Tlangzar) နှင့် တာလ် (Taal) ကျေးရွာများဖြစ်ကြောင်း သိရှိရသည်။
“ဖလမ်းမြို့နယ်ထဲမှာ ဗုံး အလုံး ၅၀ ကျော်တယ် ကျဲတာ။ ဟားခါးမြို့နယ်ထဲမှာတော့ ဗုံး ၂လုံးလောက်ပဲ ကျဲသွားတယ်” ဟု ချင်းတော်လှန်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။
ယနေ့တိုက်ခိုက်မှုအတွင်း လူထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ နေအိမ်များ ပျက်စီးဆုံးရှုံးမှု ရှိကြောင်း၊ အသေးစိတ်အခြေအနေများကိုမူ မသိရှိရသေးဘဲ ဗုံးကျဲသည့်နေရာများသို့ ကွင်းဆင်းစစ်ဆေးနေကြောင်း ချင်းတော်လှန်ရေး သတင်းရင်းမြစ်က ဆိုသည်။
စစ်တပ်က ယမန်နေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ ကလည်း ဟားခါးမြို့နယ်ရှိ ဇိုခွာ (Zokhua) နှင့် စင်ခွာ (Cinkhua) ကျေးရွာများအပြင် ဖလမ်းမြို့နယ်ရှိ လုမ်ဘန်း (Lumbang) ကျေးရွာတို့ကိုပါ လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း၊ ယမန်နေ့က တိုက်ခိုက်မှုများကြောင့် အရပ်သား ၃ ဦး ထက်မနည်း ထိခိုက်ဒဏ် ရာရရှိခဲ့ပြီး နေအိမ်အများအပြားလည်း ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။
ချင်းအမျိုးသားနေ့ကဲ့သို့သော ထူးခြားသည့်နေ့ရက်တွင် အရပ်သားများ နေထိုင်ရာ ကျေးရွာများကို ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် ဒေသပြည်သူများအကြား စိုးရိမ်ထိတ်လန့်မှုများ ပိုမိုမြင့်တက်လျက်ရှိကြောင်း သိရှိရသည်။




