36 C
Yangon

ရမ်းဗြဲမြို့နယ်တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၂ ဦးသေဆုံး၊ တန်ဆည်တွင်လည်း လေကြောင်းတိုက်ခိုက်မှုကြောင့် ကုန်းရိုး‌ရွာ ဆေးပေးခန်း ပျက်စီး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ သရက်ချိုကျေးရွာရှိ ရဲစခန်းဟောင်း၊ ဈေးနှင့် ကူတိုးဆိပ် တို့ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း ရခိုင် စစ်ဘေးကူညီရေးအဖွဲ့တစ်ခုမှ တာဝန်ရှိသူက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ရမ်းဗြဲမြို့နယ်၊ လေးတောင်တိုက်နယ်၊ သရက်ချိုကျေးရွာအတွင်းရှိ ရဲစခန်းဟောင်း၊ ကူတိုးဆိပ်နှင့် ဈေးတို့ကို ပေါင် ၅၀၀ ဗုံး ၇ လုံးဖြင့် ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဗုံးကျဲတိုက်ခိုက်မှုကြောင့် သရက်ချိုကျေးရွာတွင်နေထိုင်သည့် အသက် ၂၀ ကျော်အရွယ် ကိုထွန်းနေဝင်း နှင့် ကိုဇော်ဌေးဝင်းတို့ ၂ ဦး သေဆုံးခဲ့ပြီး ကျောင်းဆရာမ ၁ ဦးနှင့် ကျောင်းသား ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၁၀ လုံးကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“အကြမ်းဖက် စစ်တပ်က ရမ်းဗြဲမြို့နယ် သရက်ချိုရွာ အတွင်းကို တိုက်ပွဲဖြစ်တာမရှိဘဲ ပြည်သူတွေ နေထိုင်ရာ နေရာတွေကို ပစ်မှတ်ထားပြီး ဂျက်ဖိုက်တာ ၂ စီးနဲ့ ပေါင် ၅၀၀ ဗုံး ၇ လုံး ကျဲတိုက်ခိုက်သွားတာပါ။ ဈေး၊ ရဲစခန်းဟောင်း၊ ကူတို့ဆိပ် နေရာ ၃ ခုကိုပါ။ သေဆုံးသူ ၂ ဦးကတော့ အသက် ၂၀ ကျော် ၂ ဦးဖြစ်တဲ့ ကိုထွန်းနေဝင်း၊ ကိုဇော်ဌေးဝင်းတို့ဖြစ်ပါတယ်။ သူတို့ ၂ ဦးက သရက်ချို ဈေးနား အိမ်ကပါ။ ထိခိုက်ဒဏ်ရာရရှိသူတွေကတော့ အသက် ၆၀ ကျော် ၁ ဦး၊ ဆရာမ ၁ ဦးနဲ့ ကျောင်းသား ၁ ဦး အပါဝင် ၄ ဦးပါ အခုကတော့ အရေးပေါ်ဆေးကုသနေရတယ် အသက်အန္တရာယ် မစိုးရိမ်ရတော့ဘူး။ နေအိမ် တွေကတော့ ၁၀ လုံးကျော်ထိခိုက်ပျက်စီးသွားတယ်” ဟု ရခိုင်စစ်ဘေးကူညီရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကုန်းရိုး‌ရွာ ဆေးပေးခန်းကို စစ်တပ်က Gyrocopter ဖြင့် ဗုံးကျဲမှုကြောင့် ဆေးပေးခန်းအဆောက်အအုံ ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများနှင့် မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်ခန့်အချိန် အကြမ်းဖက် စစ်တပ်က ကုန်းရိုး‌ကျေးရွာ ဆေးပေးခန်းကို Gyrocopter ၃ စီးဖြင့် လာရောက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

“ရွာက ကျေးလက် ဆေးပေးခန်းကို ဗုံးကျဲချသွားတာ အဆောက်အဦးကတော့ ပျက်စီးသွားတယ်။ လူထိခိုက်မှုက‌တော့ မရှိပါဘူး” ဟု ဒေသကပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်က ဗုံးကျဲ တိုက်ခိုက်ခဲ့သော ကုန်းရိုးရွာသည် တော်လှန်ရေး တပ်များ စိုးမိုးထားသော နယ်မြေဖြစ်ပြီး တိုက်ပွဲ ဖြစ်ပွာခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်သွားခြင်းဖြစ်ကြောင်း သိရသည်။

“ဆေးပေးခန်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၂ ကြိမ်ဗုံးကျဲချသွားတာ အ‌ကြောင်းမဲ့ကို ကျဲချတာလို့ပဲ ပြောရမယ်။ ဆေးရုံ၊ ဆေး ခန်း၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ ပြည်သူတွေ နေထိုင်တဲ့ ကျေးရွာများကိုဘဲ ဒီကောင်တွေက တိုက်ခိုက်နေကြတာ” ဟု တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အလားတူ ဖေဖော်ဝါရီလ ၂ ရက်နေ့ကလည်း တန်ဆည်မြို့နယ်၊‌ ကော်တက်ရွာကိုလည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article