28 C
Yangon

မြောင်မြို့နယ်၊ နဘက်ကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Gyrocopter ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၆ ဦး ဒဏ်ရာရပြီး နေအိမ် ၁ လုံးမီးလောင် ပျက်စီး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ နဘက်ကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Gyrocopter ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၆ ဦး ထိခိုက် ဒဏ်ရာရရှိကာ နေအိမ် ၁ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်ခန့်တွင် မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ တက်လာသော Gyrocopter ၂ စီးက နဘက်ကျေးရွာအတွင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရကာ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦးမှာ ပြင်းထန်ဒဏ်ရာရှိခဲ့ကြောင်း၊ ထို့ပြင် နေအိမ် ၁ လုံးလည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

“ဒီနေ့ နေ့လည် ၂ နာရီ ၄၀ မိနစ်ခန့်လောက်က မြောင်မြို့နယ် နဘက်ရွာကို စစ်ခွေးတွေက တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်သွားတယ်။ စုစုပေါင်း ပြည်သူ ၆ ဦး ယောက်ထိတယ်။ နဘက်ကျေးရွာက ပြည်သူတွေလို့သိရတယ်။ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦးက ဒဏ်ရာ ပြင်းထန်တယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး။ နေအိမ် ၁ လုံးလည်း မီးလောင်ပျက်စီးသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ်၏ Gyrocopter ၁ စီးနှင့် ပါရာမော်တာ ၁ စီးကလည်း မြောင်မြို့နယ်၊ ဇရပ်ကုန်းကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုလေကြောင်း တိုက်ခိုက်မှုအတွင်း ကျေးရွာနေပြည်သူ အသက် ၄၅ နှစ်အရွယ် အမျိုးသမီး ၁ ဦးနှင့် အသက် ၂၉ နှစ်ရွယ် အမျိုးသား ၂ ဦးတို့ ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၂ လုံးလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article