ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ လက်သဲကျင်ရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာများကို ထပ်မံ ဝင်ရောက်နေ၍ ပြည်သူများ ဆက်လက် တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် တေလာင်သာမြို့ပေါ်မှ ထွက်လာသော အကြမ်းဖက် စစ်တပ်သည် လက်သဲကျင်ရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင်ကျေးရွာအတွင်းရှိ နေအိမ်များမှ ပစ္စည်းများကိုလည်း ယူဆောင်သွားကြောင်း သိရသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် လက်သဲကျင်ရွာ၊ ညောင်ဒို၊ မင်းတည်းကျေးရွာ၊ မင်းတည်းရွာ၊ နကူးရွာ၊ ကျောက်ချောရွာ၊ အောင်သာရွာ၊ ကျောက်ပုံရွာ၊ ဒါန်းတိုင်ရွာ၊ အလယ်ချိုင်းမြောက်ရွာနှင့် ပဲခင်းကျော်ရွာမှ ပြည်သူများ ဆက်လက် တိမ်းရှောင်နေရကြောင်း သိရှိရသည်။
“ဒီနေ့ နံနက်ပိုင်းက တောင်သာမြို့ကနေ ထွက်လာတဲ့ စစ်ခွေးစစ်ကြောင်းက လက်သဲကျင်ရွာကို ဝင်ရောက်စီးနင်းပြီး မီးရှို့သွားတယ်။ စစ်ခွေးတွေက တောင်သာမြို့ပေါ်ကို ကာချင်လို့ အနီးအနားကရွာတွေကို ပတ်ပြီး စစ်ကြောင်းထိုးနေတာ အခုသူတို့ စစ်ကြောင်းထိုးနေတဲ့ ရွာတွေက မြို့နဲ့ အရမ်းနီးတယ်။ မြို့ကို ကာတဲ့ သဘောမျိုး စစ်ကြောင်းထိုးတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ညောင်ဒိုရွာကို ရောက်ရှိနေပြီး မည်သည့် နေရာကို ဆက်လက်ထွက်ခွာမည်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
အလားတူ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကလည်း ပဲခင်းကျော်ကျေးရွာ၌ ရောက်ရှိတပ်စွဲထားသော အကြမ်းဖက် စစ်တပ်သည် ကျေးရွာအတွင်းရှိ မူလတန်းကျောင်း၊ ဘုန်းကြီးကျောင်း အပါအဝင် ပြည်သူပိုင် နေအိမ် ၅၀ ကျော်ကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် ပြည်သူများ၏ ကောက်ပဲသီးနှံများကိုလည်း ၁၂ ဘီးကားများဖြင့် သယ်ဆောင်သွားပြီး ၎င်းတို့ သယ်ဆောင်သွားခြင်းမရှိသော မြေပဲနှင့် ပဲစင်းငုံ အိတ်များကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း၊ ကျေးရွာအတွင်းရှိ ပြည်သူပိုင် ဆိုင်ကယ်များကိုလည်း ရေကန်အတွင်း ပစ်ချထားခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်းရှိကျေးရွာတစ်ရွာကို စစ်တပ်က ညအချိန် မီးရှို့နေစဉ် (ပုံအဟောင်းဖြစ်သည်)




