28 C
Yangon

သရက်ချောင်း၊ ကောလင်းနှင့် ကနီမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်၊ Y-12 များဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူများ ထိခိုက်မှုရှိ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ရှိ ချောက်ချောင်းရွာအပါအဝင် အနီးအနားရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ၊ Y-12 တို့ဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်မှ စတင်ပြီး အကြမ်းဖက် စစ်တပ်က သရက်ချောင်းမြို့နယ်ရှိ ချောက်ချောင်းရွာ အပါအဝင် အနီးအနားရှိ ကျေးရွာများကို ဂျက်ဖိုက်တာ၊ Y-12 လေယာဉ်တို့ဖြင့် အကြိမ် ၂၀ ထက်မနည်း ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“သရက်ချောင်းကို ဒီနေ့ မွန်းလွဲပိုင်းလောက်တည်းက ကျဲနေတာ တောက်လျောက်ပဲ လက်နက်ကြီးတွေကလည်း ဆက်တိုက်ကို ပစ်နေတယ်။ မြေပြင်ကလည်း စစ်ကြောင်းတွေ ထွက်နေတယ်။ ကျနော်တို့လည်း မြေပြင် အသေးစိတ် အခြေအနေကို မသိသေးဘူး။ ဘေးလွတ်ရာကို အကုန်ရှောင်နေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၃ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ၇ ကြိမ် ပြုလုပ်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်ခန့်မှ စတင်ပြီး ၆ နာရီ ကျော်ထိ အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၃ စီးသည် ကနီမြို့နယ်၊ အနောက်မြောက်ပိုင်းရှိ ကျေးရွာများကို လေကြောင်း တိုက်ခိုက်မှု ၇ ကြိမ်ပြုလုပ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း ကနဦးသိရသော်လည်း ပျက်စီးမှု အနေအခြေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

“ပြည်သူတွေ ထိခိုက်တာမရှိဘူးလို့တော့ သိထားရတယ်။ မြေပြင် ပျက်စီးမှု အခြေအနေအသေးစိတ်ကိုတော့ အတည်မပြုနိုင်သေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်နင့် ကျွန်းလှ မြို့နယ် အစပ်ကိုလည်း အကြမ်းဖက် စစ်တပ်က ယနေ့ နံနက်ပိုင်းတွင် ဂျက်ဖိုက်တာ ၁ စီးဖြင့် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရပြီး တောတောင်များအတွင်းဗုံးများ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

ဓာတ်ပုံ – မန္တလေးတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ညအချိန်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် နေအိမ်များ မီးလောင် ပျက်စီးနေစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article