ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ယမန်နေ့ညပိုင်းက လေဆိပ်တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က လူနေရပ်ကွက်အတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့ခြင်းကြောင့် ပြည်သူ ၃ ဦးထိမှန်ဒဏ်ရာရရှိကာ နေအိမ်များ ပျက်စီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၀ ရက် (ယမန်နေ့) ည ၈ နာရီကျော်အချိန် မြစ်ကြီးနားလေဆိပ်အတွင်းသို့ ဒရုန်းဗုံး ကျရောက်ပေါက်ကွဲခဲ့ရာ မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ပိုင် လေယာဉ်တစ်စင်းကို တိုက်ရိုက်ထိမှန်ခဲ့ပြီး လေယာဉ်အစိတ်အပိုင်း ပျက်စီးခဲ့ကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် လုံခြုံရေးအခြေအနေအရ မြစ်ကြီးနားလေဆိပ်ကို ယနေ့မှစတင်ကာ နောက်ထပ် (၃) လကြာအထိ ယာယီပိတ်သိမ်းထားမည်ဖြစ်ကြောင်း သက်ဆိုင်ရာထံမှ စုံစမ်းသိရှိရသည်။
ယင်းသို့ မြစ်ကြီးနားလေဆိပ်တွင် ခရီးသည်တင် လေယာဉ်တိုက်ခိုက်ခံရပြီးနောက် ယနေ့ ဖေဖော်ဝါ ရီလ ၂၁ ရက်၊ နံနက် ၁ နာရီအချိန် စစ်တပ်က မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ လက်နက်ကြီးကျည်များမှာ စီတာပူရပ်ကွက်၊ သီတာအေးလမ်းရှိ လူနေ အိမ် များပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ နေအိမ်များ ပြိုကျပျက်စီးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ လက်နက်ကြီးကျရောက်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၃ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူများမှာ သားအမိ ၂ ဦးနှင့် အမျိုးသား ၁ ဦးတို့ဖြစ်ကြောင်း ၊ဒေသခံများ၏ ပြောကြားချက်အရ စစ်တပ်က အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိဖြင့် လူနေရပ်ကွက်များအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းဖြစ်ပြီး၊ ၎င်းလုပ်ရပ်မှာ စစ်ရာဇဝတ်မှုမြောက်သည့် အောက် တန်းကျသော လုပ်ရပ်အဖြစ် ဝေဖန်ပြောဆိုနေကြသည်။
လက်ရှိတွင် မြစ်ကြီးနားမြို့ပေါ်၌ လုံခြုံရေးအထူးတင်းကျပ်ထားပြီး လေကြောင်းခရီးစဉ်များ အားလုံးရပ်ဆိုင်းသွားသည့်အတွက် ခရီးသွားပြည်သူများ အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။






