ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁
ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်အတွင်း အကျဉ်းချခံထားရသည့် သေဒဏ်ကျနိုင်ငံရေးအကျဉ်းသား ၇ ဦးသည် လွန်ခဲ့သော ၃ လခန့်မှစတင်ကာ ယနေ့အထိ ထောင်အာဏာပိုင်များ၏ စနစ်တကျ ရိုက်နှက်ညှဉ်းပန်းမှုကို နေ့စဉ်နှင့်အမျှ ခံနေရကြောင်း ခိုင်လုံသော ထောင်တွင်းသတင်းရင်းမြစ်များထံမှ သိရှိရသည်။
အင်းစိန်ထောင်ဝန်ထမ်းများ၏ ညှဉ်းပန်းခံနေရသူများထဲတွင် သေဒဏ်ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသားများဖြစ်သော ကိုအောင်ဇေယျ နှင့် ကိုဖြိုးကိုကို တို့ အပါအဝင် စုစုပေါင်း ၇ ဦး ပါဝင်ကြောင်း၊ ၎င်းတို့ကို လွန်ခဲ့သော ၃ လခန့်က ထောင်တွင်း၌ ဖြစ်ပွားခဲ့သော ပြဿနာတစ်ခုကို အကြောင်းပြ၍ သီးသန့်တိုက်အတွင်း ပိတ်လှောင်ခံထားရပြီး နေ့စဉ်ရိုက်နှက်ခံနေရခြင်း ဖြစ်ကြောင်း သိရှိရသည်။
“အခြေအနေက တော်တော်လေး ဆိုးပါတယ်။ ရိုက်လို့ ဒဏ်ရာပြင်းထန်လာရင် ဆေးရုံပို့လိုက်၊ သက် သာလို့ ပြန်ဆင်းလာရင် တိုက်ထဲမှာ ပြန်ရိုက်လိုက်နဲ့ သံသရာလည်နေတာ ၃ လရှိပြီ။ သူတို့ရဲ့ အသက်အန္တရာယ်က တကယ်ကို စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေပါတယ်” ဟုထောင်တွင်းသတင်းရင်းမြစ်က ရှင်းပြသည်။
ထိုကဲ့သို့ နိုင်ငံရေးအကျဉ်းသားများကို လူမဆန်စွာ ရိုက်နှက်နှိပ်စက်မှုတွင် တိုက်ရိုက်ပါဝင်ပတ်သက်နေသူများမှာ အင်းစိန်ထောင်ဝန်ထမ်း (တစ်ရစ်) သူရအောင် နှင့် ၎င်းက စေခိုင်းထားသည့် ရာဇဝတ်အကျဉ်းသား တရုတ် ဆိုသူတို့ ဖြစ်ကြောင်း ၊ ယင်းထောင်ဝန်ထမ်းနှင့်ရာဇဝတ်အကျဉ်းသားများက အာဏာကို အလွဲသုံးစားလုပ်ကာ နိုင်ငံရေးအကျဉ်းသားများကို ပစ်မှတ်ထား နှိပ်စက်နေခြင်း ဖြစ် ကြောင်း သိရှိရသည်။
ထို့အပြင် အင်းစိန်ထောင်အတွင်းရှိ အခြားသော နိုင်ငံရေးအကျဉ်းသားများကိုလည်း “လုပ်အားပေး” ဆိုသည့် ခေါင်းစဉ်ကို အသုံးပြုကာ ပင်ပန်းခက်ခဲလွန်းသည့် အလုပ်ကြမ်းများကို တဖြည်းဖြည်း ပိုမိုခိုင်းစေလာကြောင်း ၊ အဆိုပါလုပ်ရပ်မှာ အကျဉ်းသားများ၏ ရပိုင်ခွင့်ကို ချိုးဖောက်ရုံသာမက စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာအရပါ ဖိနှိပ်ရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
လက်ရှိတွင် အင်းစိန်ထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများ၏ လုံခြုံရေးနှင့် ကျန်းမာရေး အခြေအနေမှာ အထူးစိုးရိမ်ရသည့် အခြေအနေတွင် ရှိနေပြီး၊ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းများအနေဖြင့် အနီးကပ် စောင့်ကြည့်ရန်နှင့် အမြန်ဆုံး အရေးယူ ဆောင်ရွက်ပေးရန် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များက တိုက်တွန်းပြောဆိုသည်။




