ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်၊ ပြည်သူ့ ဥယျာဉ်တွင် ပြုလုပ်နေသည့် စတိတ်ရှိုးပွဲမှ ပြန်လာသည့် လူငယ် ၁၀၀ ကျော်ကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဖမ်းဆီးခံရသော လူငယ်များ၏ မိဘများနှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ ပြည်သူ့ ဥယျာဉ်တွင် ကျင်းပပြုလုပ်နေသည့် ဈေးရောင်းပွဲအတွင်း စတိတ် ရှိုး ပွဲကြည့်ပြီး ပြန်လာသော လူငယ် ၁၀၀ကျော်ကို အိမ်စီးကားများဖြင့် ၅ ရက်ဆက်တိုက် အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့နှင့် ဖေဖော် ဝါရီလ ၁၆ ရက်နေ့တို့တွင် မုံရွာမြို့ပေါ်ရှိ ပြည်သူ့ ဥယျာဉ်တွင် ကျင်းပပြုလုပ်နေသည့် ဈေးရောင်းပွဲအ တွင်း စတိတ်ရှိုး ပွဲကြည့်ပြီး ပြန်လာသော လူငယ် ၁၀၀ကျော်ကို ၅ ရက်ဆက်တိုက် အကြမ်းဖက် စစ် တပ်က ပေါ်တာဆွဲဖမ်းဆီးသွားခြင်းဖြစ်ကြောင်း၊ စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားသူများမှာ အသက် ၂၅ နှစ်မှ အသက် ၃၅ နှစ်အထိ အမျိုးသားလူငယ်များဖြစ်ကြောင်း၊ ဖမ်းဆီးခံရသူများကို အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲတွင် ဖမ်းဆီးထားကြောင်းသိရှိရသည်။
“စစ်ခွေးတွေ ၅ ရက်ဆက်တိုက် ပေါ်တာဆွဲဖမ်းဆီးတာ လူငယ် ၁၀၀ ကျော်ဦးလောက် ပါသွားတယ်လို့သိရတယ်။ စတိတ်ရှိုး ပွဲကြည့်ပြီး ပြန်လာတဲ့ လူငယ်တွေကို ညပိုင်း စစ်ခွေးတွေ စောင့်ပြီး ပေါ်တာဆွဲဖမ်းသွားတယ်။ ပွဲမှာ ရန်ဖြစ်တဲ့လူငယ်တွေနဲ့ ဓားခုတ်မှုဖြစ်တဲ့ လူငယ်တွေကိုပါ စစ်ခွေးတွေ ဖမ်းဆီးသွားတယ်။ ပေါ်တာဆွဲထားသူတွေကို မိသားစုနဲ့ တွေ့ခွင့်မပေးဘူး။ မိသားစုတွေက ပိုက်ဆံနဲ့ ပြန်ရွေးမယ်ဆိုရင်တောင် အရွေးမခံကြဘူး” ဟု ဖမ်းဆီးခံလူငယ်တစ်ဦး၏ အုပ်ထိန်းသူက ရှင်းပြသည်။
အလားတူ ၂၀၂၅ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့ကလည်း မုံရွာမြို့ပေါ်ရှိ ပြည်သူ့ ဥယျာဉ်တွင် ကျင်းပပြုလုပ်နေသည့် စျေးရောင်းပွဲတွင် စတိတ်ရှိုး ပွဲကြည့်ပြီး ပြန်လာသော လူငယ် ၃၂ ဦး ကို အကြမ်းဖက် စစ်တပ်က လမ်းတွင် အိမ်စီးကားများဖြင့် အတင်းဆွဲခေါ် ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်းသိရှိရသည်။
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ မင်းဂံကျေးရွာ၌ ပြည်သူ့စစ်ခေါင်းဆောင်ဆိုသူက စစ်မှု ထမ်းရန်အတွက်ဟု အကြောင်းပြကာ ကျေးရွာနေပြည်သူများထံမှ ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း သိရှိရသည်။
မင်းဂံကျေးရွာမမှ စန်းဝင်း (ခေါ်) ဓာတ်ဆီ ဆိုသူသည် ကျေးရွာအတွင်းရှိ အိမ်ထောင်စုများထံမှ စစ်မှု ထမ်းကြေးအဖြစ် တစ်အိမ်ထောင်လျှင် ငွေကျပ် ၇၀,၀၀၀ နှင့် ကင်းစောင့်ကြေးအဖြစ် ၅,၀၀၀ ကျပ်၊ စုစုပေါင်း ၇၅,၀၀၀ ကျပ် ကို လစဉ်အတင်းအဓမ္မ ကောက်ခံနေကြောင်း၊ ယခုလအတွက် ငွေကြေးများကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နောက်ဆုံးထား ပေးဆောင်ရန် ခြိမ်းခြောက်ထားကြောင်း သိရှိရသည်။
ဒေသပြည်သူများ၏ ပြောပြချက်အရ အဆိုပါ စန်းဝင်း (ခေါ်) ဓာတ်ဆီ ဆိုသူသည် မည်သည့်အလုပ်အကိုင်မှ လုပ်ကိုင်ခြင်းမရှိဘဲ ရွာတွင် ပြည်သူ့စစ်ခေါင်းဆောင်အဖြစ် အာဏာပြကာ ပြည်သူများထံမှ ကောက်ခံရရှိသည့် ငွေကြေးများဖြင့်သာ ကိုယ်ကျိုးအတွက် သုံးစွဲနေခြင်း ဖြစ်သည်ဟု ဆိုသည်။
“သူက ဘာအလုပ်မှ မလုပ်ဘူး။ အခုလို ရွာထဲက ပိုက်ဆံတွေ လစဉ်ကောက်ပြီးတော့ပဲ စားသောက်နေတာ။ ရွာထဲမှာလည်း စကားပြောရင် အရမ်းမောက်မာတယ်။ တစ်ရွာလုံးက သူ့ကို မျက်မုန်းကျိုးနေကြပေမဲ့ ဘာမှမတတ်နိုင်ကြဘူး” ဟု ဒေသခံတစ်ဦးက ရင်ဖွင့်ပြောကြားသည်။
မင်းဂံကျေးရွာအုပ်ချုပ်ရေးမှူးကိုယ်တိုင်ကလည်း အဆိုပါ ပြည်သူ့စစ်ခေါင်းဆောင်ဆိုသူကို ကြောက် လန့်နေရသည့်အတွက် တစ်စုံတစ်ရာ တားဆီးခြင်း မရှိဘဲ နှုတ်ဆိတ်နေသဖြင့် ကျေးရွာသားများမှာ ပိုမို အခက်တွေ့နေရကြောင်း၊ လက်ရှိ ကုန်ဈေးနှုန်းကြီးမြင့်နေသည့် အချိန်တွင် ယခုကဲ့သို့ လစဉ် ငွေကြေးအမြောက်အမြားကို အတင်းအဓမ္မ ပေးဆောင်နေရခြင်းကြောင့် မိသားစုများ စားဝတ်နေရေး ကျပ်တည်းလျက်ရှိကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
ဓာတ်ပုံ- ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ဆန္ဒပြသည့် လူငယ်များကို စစ်တပ်က အကြမ်းဖက် ဖမ်းဆီးစဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




