ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးတွင် အမြဲတမ်းအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်နေသည့် ဒေါ်ကြည်ပြာမှာ ၎င်း၏ရာထူးမှ နုတ်ထွက်သွားကြောင်း ၎င်း၏ နုတ်ထွက်ခွင့်တင်ပြစာအရ သိရှိရသည။
ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာက နုတ်ထွက်သွားခြင်းဖြစ်ပြီး ဒေါ်ကြည်ပြာသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ၎င်းနှင့် ခင်ပွန်းဖြစ်သူအပေါ် တိုင်ကြားချက်များ ပေါ်ပေါက်ခဲ့သဖြင့် နိုဝင်ဘာလ ၂၂ ရက်နေ့မှစ၍ တာဝန်မှ ယာယီရပ်နားကာ စုံစမ်းစစ်ဆေးမှုများကို ခံယူခဲ့ရသည်။ ယင်းနောက် ယမန်နေ့ စုံစမ်းစစ်ရေးအဖွဲ့က စုံစမ်းစစ်ဆေးရေးတင်ပြချက်ကို ထုတ်ပြန်ပြီးနောက် ဒေါ်ကြည်ပြာက မိမိသဘောဆန္ဒအလျောက် နုတ်ထွက်သွားခြင်းဖြစ်သည်။
၃ လကြာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီးနောက် စုံစမ်းစစ်ဆေးရေးရလဒ်များ ထွက်ပေါ်လာပြီဖြစ်ပြီး မမှန်မကန် စွပ်စွဲထားသည့် ကိစ္စရပ်များမှာလည်း အဖြေပေါ်ပေါက်ခဲ့ပြီဖြစ်ကြောင်း ၊ ၎င်းအနေဖြင့် စုံစမ်းစစ်ဆေးမှုဖြစ်စဉ်တစ်လျှောက်လုံးတွင် အပြည့်အဝ ပူးပေါင်းပါဝင်ခဲ့ကြောင်း ဒေါ်ကြည်ပြာက ုဆိသည်။
လက်ရှိတွင် စုံစမ်းစစ်ဆေးမှုများပြီးဆုံး၍ အမှန်တရားပေါ်ပေါက်ခဲ့သော်လည်း လက်ရှိတွင် မိမိ၏ ကျန်းမာရေးအခြေအနေအရ စောင့်ရှောက်မှု ခံယူရမည့် အခြေအနေဖြစ်သောကြောင့် အမြဲတမ်းအတွင်းဝန် တာဝန်မှ နုတ်ထွက်ခြင်းဖြစ်ကြောင်း၊ ရာထူးမှ နုတ်ထွက်သော်လည်း တော်လှန်ရေးအောင်မြင်သည်အထိ တတ်နိုင်သည့်ဘက်မှ ဆက်လက်ကြိုးစား ပါဝင်သွားမည်ဖြစ်ကြောင်းလည်း ဒေါ်ကြည်ပြာက ပြောဆိုထားသည်။
၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည့် NUG ဝန်ကြီးချုပ်ရုံးမှ တွဲဖက်အတွင်းဝန် ၂၊ ညွှန်ကြားရေးမှူးနှင့် ရုံးအဖွဲ့ဝင် ဝန်ထမ်းဟောင်း ၁၉ ဦးက ဒေါ်ကြည်ပြာနှင့် ခင်ပွန်းဖြစ်သူ ဦးညီညီမင်းတို့ကို လူ့အခွင့်အရေးချိုးဖောက်ခြင်း၊ အဂတိလိုက်စားခြင်းနှင့် မလျော်ဩဇာသုံး၍ ဝန်ထမ်းများအပေါ် လွှမ်းမိုးခြယ်လှယ်ခြင်းများ ပြုလုပ်သည်ဟုဆိုကာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်နေ့တွင် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။




