ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂
ကချင်ပြည်နယ်၊ KIA တပ်မဟာနယ်မြေများနှင့် ပြည်သူများနေထိုင်သောကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် ဆက် တိုက်ဗုံးကြဲမှုကြောင့် ပြည်သူ ၂ ဦး သေဆုံးသွားကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ကချင်ပြည်နယ်၊ ကချင်လွတ်မြောက်ရေးတပ်မတော်- KIA ထိန်းချုပ်ရာ တပ်မဟာနယ်မြေအသီးသီးနှင့် အရပ်သားကျေးရွာများကို စစ်တပ်က တိုက်လေယာဉ်များအသုံးပြုကာ တစ်နေ့တည်းတွင် ၅ နေရာထက်မနည်း ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ စစ်တပ်က KIA ၏ တပ်မဟာနယ်မြေအသီးသီးသို့ လေကြောင်းမှ ဗုံးကျဲခဲ့ရာ ဖားကန့်ခရိုင် KIA တပ်မဟာ ၉ နယ်မြ၊ အမှတ် ၆ တပ်ရင်းနယ်မြေဖြစ်သော ကံဆီးနှင့် အနန့်ပါဒေသတို့ကို လေယာဉ်ဖြင့် ဗုံး ၄ လုံးကျဲချခဲ့ကြောင်း ၊ မိုးညှင်းခရိုင် KIA တပ်မဟာ ၈ နယ်မေြ ထိုင်ရာယန်ကျေးရွာ တစ်၀ိုက်သို့လည်း Yak-130 တိုက်လေယာဉ်ဖြင့် ဗုံးများ ထပ်မံကျဲချခဲ့ကြောင်း သိရှိရသည်။
ယင်းအပြင် ယမန်နေ့ မိုးကောင်းမြို့နယ်အခြေစိုက် KIA တပ်မဟာ ၂ နယ်မြေသို့လည်း လေယာဉ်ဖြင့် ဗုံး ၅ လုံးခန့် ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ မံဝိန်းကြီးခရိုင် KIA တပ်မဟာ ၅ နယ်မြေ၊ အမှတ် ၃ တပ်ရင်း၊ အင်ဘာပါကျေးရွာသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရှိသည်။
ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညနေပိုငး် ဝိုင်းမှော်ခရိုင် ၊ KIA တပ်မဟာ ၃ နယ်မြေ၊ အမှတ် ၁ တပ်ရင်း ထိန်းချုပ်ရာ ဆဒုံးမြို့ပေါ်သို့လည်း ဂျက်တိုက်လေယာဉ်ဖြင့် ဗုံး (၂) ကြိမ် ကျဲချခဲ့ကြောင်း ၊ယမန်နေ့ပြုလုပ်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှု ၅ နေရာအတွင်း လူထိခိုက်သေဆုံးမှုများ ရှိနိုင်ကြောင်း သိရှိရသည်။
ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ည ၈ နာရီ ၂၀ မိနစ်အချိန်ကလည်း ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ ဗန်းမော်-မန္တလေးလမ်းပိုင်းရှိ ထိုင်ရာယန် (Htai Ra Yang) ကျေးရွာသို့ စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်တိုက်လေယာဉ်က ဗုံး ၂ လုံး ကျဲချခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် ကျေးရွာအတွင်းရှိ ဒေါ်အေးမာ၏ နေအိမ်နှင့် ဆိုင်ခန်းပေါ်သို့ တိုက်ရိုက်ကျရောက်ပေါက်ကွဲခဲ့သဖြင့် နေအိမ်အတွင်းရှိ အရပ်သား ၂ ဦး ပွဲချင်းပြီး သေဆုံးကာ အခြားဒေသခံ ၅ ဦးလည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း KIA က သတင်းထုတ်ပြန်ထားသည်။






