ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် ချင်းပူးပေါင်းတပ်ဖွဲ့များနှင့် စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ် သား ၂ ဦး သေဆုံးပြီး ၁ ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ချင်းတော် လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီ ၂၁ ရက်နေ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်များကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF/Chin Brotherhood) နှင့် ချင်းအမျိုးသားတပ်မတော် (CNA/Chin Council) ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြကြောင်း၊ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၂ ဦးသေဆုံးပြီး ၁ ဦးကို အရှင်ဖမ်းဆီးရရှိကြောင်း သိရှိရသည်။
” ၂ ဦးသေဆုံးပြီး ၁ ဦးကို အရှင်မိထားပါတယ်။ လက်နက်ခဲယမ်းတွေလည်း ဖမ်းဆီးရရှိပါတယ်။ ဖမ်းမိတဲ့ စစ်သုံ့ပန်းကိုလည်း မေးမြန်းစစ်ဆေးတာတွေ လုပ်နေပါတယ်” ဟု ချင်းတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
အဆိုပါတိုက်ပွဲအတွင်းမှ အခြားစစ်ကောင်စီတပ်သားတစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သဖြင့် ၎င်းကို ချင်းပူးပေါင်းတပ်ဖွဲ့များက လိုက်လံရှာဖွေလျက်ရှိကြောင်း၊ ထွက်ပြေးသွားသော စစ်သားမှာ လာရောက်အလင်းဝင်ခြင်း သို့မဟုတ် ဖမ်းဆီးရမိခြင်းများရှိလာပါက သတင်းထုတ်ပြန်မည်ဖြစ်ကြောင်း CNDF က ကြေညာထားသည်။
လက်ရှိအခြေအနေအရ ဖလမ်းမြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုးနေမှုကြောင့် နှစ်ဖက်တိုက်ပွဲများမှာ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ရေးအခြေအနေမှာ အလွန်တင်းမာနေဆဲဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ဖလမ်းမြို့နယ်တွင် ယမန်နေ့တိုက်ပွဲနှင့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ တိုက်ပွဲအတွင်း ရရှိထားသော လက်နက်ခဲယမ်းများ။






