32 C
Yangon

တောင်ကြီး၊ မုံရွာနှင့် မော်လမြိုင်မြို့တို့တွင် စစ်မှုထမ်း အမျိုးသမီးစာရင်းများ စတင်ကောက်ယူနေ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မွန်ပြည်နယ်အတွင်းရှိ မြို့ကြီးများတွင် အမျိုးသမီးများကို စစ်မှုထမ်းရန် စာရင်းများ အတင်းအဓမ္မ လိုက်လံကောက်ယူလျက်ရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

တောင်ကြီး၊ မုံရွာနှင့် မော်လမြိုင်မြို့တို့တွင် စစ်မှုထမ်းရန်ဟုဆိုကာ ယခုဇန်နဝါရီလဆန်းပိုင်းမှစတင်၍ အမျိုးသမီးစာရင်းများကို မြို့နယ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက လိုက်လံကောက်ယူနေကြောင်း၊ စစ်မှုထမ်း အမျိုးသမီးစာရင်းကောက်ယူရာတွင် အသက် ၁၈ နှစ်မှ အသက် ၂၇ နှစ်အတွင်းရှိ အမျိုး သမီးများစာရင်းကို လိုက်လံကောက်ယူလျက်ရှိကြောင်း သိရှိရသည်။

ယခုဖေဖော်ဝါရီလအတွင်း တောင်ကြီးမြို့၊ ဈေးပိုင်းရပ်ကွက်၊ ကန်အောက်ရပ်ကွက်နှင့် ဟော်ကုန်းရပ် ကွက်တို့တွင် အသက် ၁၈ နှစ်မှ အသက် ၂၇ နှစ်အတွင်းရှိ အမျိုးသမီးများကို အိမ်တိုင်ရာရောက် စာ ရင်းကောက်ယူနေကြောင်း၊ စစ်တပ် လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စာရင်းကောက် ယူရာတွင် အစိုးရဝန်ထမ်းဖြစ်နေသူနှင့် အိမ်ထောင်သည်များကို ချန်လှပ်ထားပြီး အိမ်ထောင်မရှိသည့် လူငယ်အမျိုးသမီးများကို အဓိကပစ်မှတ်ထားနေခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် အမျိုးသမီးစစ်မှုထမ်း စာရင်းကောက်ယူနေသည့်သတင်းများကို လူမှုကွန်ရက်ပေါ်သို့ မတင်ရန်နှင့် သတင်းမပေါက်ကြားစေရန် ခြိမ်းခြောက်မှုများ ပြုလုပ်ထားကြောင်း သိရှိရသည်။

“ဘယ်တော့ စစ်မှုထမ်းခေါ်မယ်ဆိုတာမျိုးတော့ မပြောဘူး။ အမျိုးသမီး စစ်မှုထမ်းစာရင်းဆိုပြီး လိုက်ကောက်တာပါ။ တောင်ကြီးမှာ တော်တော်များများ ကောက်သွားတယ်” ဟု စာရင်းပေးသွင်းလိုက်ရသည့် မိဘတစ်ဦးက ပြောဆိုသည်။

အလားတူ ယခု ဇန်နဝါရီလမှစတင်၍ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင်လည်း ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များက အမျိုးသမီးများ၏ ကိုယ်ရေးအချက်အလက်၊ ပညာအရည်အချင်းနှင့် အလုပ်အကိုင်များကို အသေးစိတ်လိုက်လံကောက်ယူနေကြောင်း သိရှိရသည်။

ယင်းသို့ အမျိုးသမီးများ၏စာရင်းများကို ကောက်ယူရာတွင် စစ်မှုထမ်းခိုင်းရန် မပြောဘဲ လိုအပ်သလို အသုံးပြုနိုင်ရန်ကောက်ယူခြင်းဖြစ်သည်ဟု ပြောဆိုကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင်လည်း အမျိုးသမီးစစ်မှုထမ်းစာရင်းများ စတင်ကောက်ယူလျက်ရှိနေပြီး အမျိုးသမီးငယ်တချို့ ပျောက်ဆုံးမှုများရှိနေကြောင်း မုံရွာ အခြေစိုက် ကင်းထောက်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နှင့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တို့တွင် ရေကူးကန်လမ်းနှင့် ဇေတိကဘုန်း ကြီးကျောင်းရှေ့တို့တွင် အမျိုးသမီးငယ်အချို့ ပျောက်ဆုံးမှုများ ဖြစ်ပေါ်နေသဖြင့် မြို့ခံများအကြား ထိတ်လန့်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။

အမျိုးသမီးလူငယ်စာရင်းများကို ကောက်ယူရာတွင် စစ်တပ်က ခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူးများက ၎င်းတို့၏ သားသမီးများကို ထည့်သွင်းကောက်ခံခြင်းမရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- AFP ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article