ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ကင်းပတ်ရန် ထွက်လာသော အကြမ်းဖက် စစ်သားများကို တိုက်ခိုက်ရာ ဗိုလ်လေးဝင်းစိုး အပါအဝင် ၄ ဦးသေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိကာ စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်၍ ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း ရေးဘီလူးအဖွဲ့ ခေါင်းဆောင်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ရေးမြို့နယ်၊ ကျောင်းရွာ အခြေစိုက် ခမရ-၅၉၁ တပ်ရင်းမှ ကင်းပတ်ရန် ထွက်လာသော စစ်သား ၇ ဦးကို ရေးဘီလူး ၅၉၁ တပ်ရင်းက မီတာ ၁၀၀ ခန့် အကွာဝေးမှ စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှု အတွင်း တပ်ကြပ်ကြီး ၁ ပွင့် ရာထူးရှိ ဗိုလ်လေးဝင်းစိုး အပါအဝင် စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ MA-3 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ကျည် ၁၀၀ တောင့်တို့ သိမ်းဆည်းရရှိခဲ့ကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် ရေးဘီလူးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ရတဲ့ လက်နက်က စစ်ခွေး ရာထူးရှိတဲ့ ဗိုလ်လေးဝင်းစိုး ကိုင်ဆောင်တဲ့ လက်နက်ပေါ့။ သူတို့တွေက ရာထူးမြင့်တဲ့သူတွေကိုပဲ MA တွေ MA -3 တွေ ပေးကိုင်တာပေါ့နော်။ သေနတ်က အသစ်တိုင်းပဲ ကျွန်တော်တို့ လက်ထဲကို လက်နက်ရောက်ရှိပြီ ကျန်တဲ့ သေနတ်တွေကိုတော့ ကျွန်တော်တို့ ကောက်လို့ မရခဲ့ဘူး။ တပ်နဲ့ တစ်အားနီးတယ်။ နောက်ပြီးတော့ သူတို့ဘက်က အကုန်လုံးမကျတော့ ကိုယ့်ဘက်က ဝင်ရတာ နည်းနည်းခက်တယ်။ ကျွန်တော်တို့ဘက် ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်။ စစ်ခွေးတွေကို ပြောချင်တာက ကျွန်တော်တို့နဲ့ အတူ ပြည်သူလူထုထံ ပူးပေါင်းရင် ပူးပေါင်း ၊ မပူးပေါင်းဘူးဆိုရင် သူတို့ဘက်ခြမ်းက ၂၀၂၆ မှာ ဆုံးရှုံးမှုတွေ အများကြီးဖြစ်ရလိမ့်မယ့်လို့ ကျွန်တော် ပြောရဲတယ်” ဟု ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က ပြောဆိုသည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားနေစဉ် ကျောင်းရွာ အခြေစိုက် ခမရ-၅၉၁ တပ်ရင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ နတ်ကြီးချောင်း အနီးရှိ ခြံတစ်ခြံကို ကျည်ကျရောက်ပေါက်ကွဲခဲ့ပြီး ဖက်ခူးနေသည့် ကျောင်းရွာမှ မိသားစုဝင် ၅ ဦး ထိခိုက် ဒဏ်ရာရကာ ဖခင်ဖြစ်သူများမှာ ဒဏ်ရာပြင်းထန်သောကြောင့် သေဆုံးခဲ့ပြီး ကျန်မိသားစုဝင် ၄ ဦးမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“ဒီနေ့ နံနက်ပိုင်းမှာ တိုက်ပွဲဖြစ်လို့ စစ်ခွေးတွေက လက်နက်ကြီးနဲ့ ရမ်းပစ်တာ အဲတာ နတ်ကြီးချောင်း အနီးရှိ ခြံတစ်ခြံကို လက်နက်ကြီးကျပြီး ဖက်ခူးနေတဲ့ မိသားစုဝင် ၅ ဦးကို ကျည်ထိမှန်တာ ဖခင်ဖြစ်သူကတော့ ဒဏ်ရာပြင်းထန်လို့ သေဆုံးသွားပြီလို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။





