ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂
ရန်ကုန်-မန္တလေး အမြန်လမ်းမ ၃၉ မိုင်ရှိ ဘောနက်ကြီးစစ်ဆေးရေးဂိတ်တွင် စစ်တပ်က ခရီးသွားပြည်သူများကို အကြောင်းအမျိုးမျိုးပြ၍ အဆမတန် ငွေညှစ်မှုများ ပြုလုပ်နေသည့်အပြင် ငွေမပေးနိုင်သော လူငယ်များကို စစ်မှုထမ်းအဖြစ် ဖမ်းဆီးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသည့် ခရီးသည်များနှင့် ယာဉ်မောင်းများထံမှ သိရသည်။
ရန်ကုန်-မန္တလေးအမြန်လမ်း ၃၉ မိုင်မှ ပဲခူးမြို့၊ဘုရားကြီးဘက်သို့ ဆင်းသည့် အဝင် ဘောနက်ကြီးစစ်ဆေးရေးဂိတ်တွင် ခရီးသည်တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်း တောင်းယူနေပြီး အထူးသဖြင့် မှတ်ပုံတင် ၅/၊ ၈/၊ ၉/၊ ၁၁/ ကိုင်ဆောင်ထားသူများကို ခရီးသည်တစ်ဦးလျှင် ငွေကျပ် ၅ သောင်းကျော်အထိ ငွေညှစ်နေကြောင်း၊ ငွေမပေးနိုင်သူများကို စစ်မှုထမ်းအဖြစ် ချက်ချင်း ဖမ်းဆီးနေကြောင်း သိရှိရသည်။
“ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မနက်ပိုင်းမှာ အန်ဇာတုံးကားမှာ ခရီးသည် ၁၅ ယောက်ပါတာကို တစ်ယောက် ၃ သောင်းနှုန်းနဲ့ ဂိတ်က တောင်းသွားတာ။ တောင်းပန်လို့လည်း မရဘူး။ အထက်လူကြီးက အမိန့်ထုတ်ထားတာလို့ အကြောင်းပြပြီး ပေါ်တင်ငွေညစ်နေတာ” ဟု ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။
အဆိုပါဂိတ်တွင် ငွေကြေးမပေးနိုင်သူများကို ခရီးသည်တင်ကားများပေါ်မှ ဆွဲချကာ ငွေဖြင့် လာရွေးရန် ယာယီ ဖမ်းဆီးထားကြောင်း၊ လာရွေးမည့်သူ မရှိသော လူငယ်များကို စစ်မှုထမ်းအဖြစ် စစ်ကားများဖြင့် ခေါ်ယူနေကြောင်း သိရှိရသည်။
အလားတူ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်တွင် လူငယ် ၃၀ ကျော် ပေါ်တာဆွဲဖမ်းဆီးခံရပြီး စစ်သင် တန်းကျောင်းသို့ ပို့ဆောင်ခံထားရကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။
ဖေဖော်ဝါရီလဆန်းပိုင်း ညောင်ရွှေမြို့၊ နန္ဒဝန်ရပ်ကွက်အပါအဝင် ရပ်ကွက်များအတွင်းအထိ ဝင်ရောက်ပြီး စစ်သားများက ပေါ်တာဆွဲဖမ်းဆီးခဲ့ရာ လူငယ် ၃၀ ဦးကျော်ဖမ်းဆီးခံရကြောင်း၊ အဆိုပါ လူငယ်များကို ရပ်စောက် မြို့ရှိ စစ်သင်တန်းကျောင်းသို့ ပို့ဆောင်လိုက်ကြောင်း၊ မိသားစုဝင်များက လိုက်လံရွေးယူရန်ကြိုးစား သော်လည်း ရွေးယူခံခြင်းမပြုဘဲ စစ်သင်တန်းကျောင်းသို့ ချက်ချင်းပို့ဆောင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“ပြီးခဲ့တဲ့ ရက်ပိုင်းက ညောင်ရွှေမြို့ပေါ်ရပ်ကွက်တွေထဲ ပေါ်တာဝင်ဆွဲတာ လူငယ် အယောက် ၃၀ ကျော် ပါသွားတယ်။ ပေါ်တာဆွဲပြီးပြီးချင်း ရပ်စောက်ဘက်ကို တန်းပို့ပစ်တာ။ နန္ဒဝန်ရပ်ကွက်က လူငယ်တွေ အများဆုံးပါတယ်။ ပြီးတော့ ညောင်ရွှေမှာ နာမည်ကြီး တို့ဟူးကြော်ဆိုင်ကလူငယ် တစ်ဦးလည်း ပါသွားတယ်၊ ညတွင်း လိုက်ညှိတာ မရခဲ့လိုက်ဘူး။ ပြီးတော့ ရန်ကုန်၊ မန္တလေးဘက် ကနေ ပေါ်တာဆွဲလာတဲ့ လူငယ်တွေကို ပင်လောင်းနဲ့ ဟိုပုံးဘက်က စစ်သင်တန်းကျောင်းတွေမှာ ပို့ထားတယ်” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြော ကြားသည်။
အကြမ်းဖက်စစ်တပ်က ယခု ဖေဖော်ဝါရီလအတွင်း စစ်မှုထမ်းအပတ်စဉ် ၂၂ ကို ဖွင့်လှစ်ပြီး လာမည့် မတ်လတွင် စစ်မှုထမ်း အပတ်စဉ် ၂၃ ကို ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်၏ စစ်ဆေးရေးဂိတ်တစ်ခု။




